ဘိုင်ယန်မြူးနစ်နဲ့ မကန်ခင်မှာ ပြောကြားခဲ့တာပါ။

ဘာစီလိုနာနည်းပြ ဇာဗီက ဒီကနေ့ည ကစားမယ့် ဘိုင်ယန်မြူးနစ်နဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဥ်မှာ အသင်းအနေနဲ့ ပြိုင်ဘက် ဘိုင်ယန်မြူးနစ်ထက် ပိုမိုကောင်းမွန်တဲ့အသင်းတသင်းဖြစ်ကြောင်း သက်သေပြဖို့ စိတ်အားထက်သန်နေကြောင်း ဖွင့်ဟခဲ့ပါတယ်။ ဒါ့အပြင် ဒီပွဲက ဘိုင်ယန်မြူးနစ်ကို လက်စားချေရမယ့်ပွဲတပွဲဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါသေးတယ်။



ဘာစီလိုနာဟာ ချန်ပီယံလိဂ်မှာ နောက်တဆင့် တက်ဖို့အတွက်ဆိုရင် ဒီကနေ့ညမှာ ဘိုင်ယန်မြူးနစ်ကို မဖြစ်မနေ အနိုင်ကန်ဖို့ လိုအပ်သလို ဗစ်တိုးရီးယားပါလ်ဇန်နဲ့ အုပ်စု နောက်ဆုံးပွဲကိုလည်း သေချာပေါက် အနိုင်ကန်ရမှာပါ။ ဒါ့အပြင် တဖက်က အင်တာမီလန် ခြေချော်တာကိုလည်း ဘာစီလိုနာတို့ စောင့်ဆိုင်းရမှာပါ။ ဘိုင်ယန်မြူးနစ်ကတော့ ချန်ပီယံလိဂ်မှာ နောက်တဆင့်ကို တက်ရောက်ခဲ့ပြီးပါပြီ။

ပထမအကျော့ ဘိုင်ယန်မြူးနစ် အိမ်ကွင်းမှာ တွေ့ဆုံခဲ့တုန်းက ဘာစီလိုနာတို့ ကစားပုံကောင်းခဲ့ပေမယ့် ဘိုင်ယန်မြူးနစ်ကသာ နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ အခု ဒုတိယအကျော့ပွဲမတိုင်ခင်မှာ ဇာဗီက “ကျနော်တို့ ချန်ပီယံလိဂ်က ထွက်ခဲ့ရရင်တောင် ကျနော်တို့က အသင်းကောင်းတသင်းဖြစ်ကြောင်း၊ အကောင်းဆုံး အသင်းတွေကို ယှဥ်ကစားနိုင်ကြောင်း သက်သေပြဖို့ လိုအပ်ပါတယ်”

“မြူးနစ်မှာ ကစားခဲ့တဲ့ပွဲက တကယ်ကို ရှက်စရာပါ။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့အတွက် အဲ့ဒီပွဲရလဒ်ထက် အများကြီး ပိုမိုထိုက်တန်လို့ပါ။ နောက်ဆုံးအဆင့် ပေးပို့မှုတွေမှာ ကျနော်တို့ ပျက်ကွက်ခဲ့ပြီး ဒါတွေက မတော်တဆဖြစ်ခဲ့တာပါ။ ဒါ့အပြင် အခုပွဲက လက်စားချေရမယ့်ပွဲပါ။ လီဝန်ဒေါစကီးအတွက်ရောပေါ့” လို့ ပြောကြားသွားခဲ့ပါတယ်။

ဘာစီလိုနာဟာ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်အုပ်စုအဆင့်မှာလည်း ဘိုင်ယန်မြူးနစ်နဲ့ တအုပ်စုတည်း ကျရောက်ခဲ့ပါတယ်။ အဲ့ဒီတုန်းကလည်း အုပ်စု နောက်ဆုံးပွဲမှာ ဘိုင်ယန်မြူးနစ်ကို ရှုံးနိမ့်ခဲ့တာကြောင့် ချန်ပီယံလိဂ် အုပ်စုကနေ ထွက်ခဲ့ရကာ ယူရိုပါလိဂ်ကို ရောက်ရှိသွားခဲ့ရပါသေးတယ်။ 

Share

Loading Next Article...
က္က