ဘဏ္ဍာရေးအရပါ ထိုးနှက်ချက်ဖြစ်ခဲ့တာပါ။

ဘာစီလိုနာဟာ မနေ့ညက အစောပိုင်းမှာ ကစားခဲ့တဲ့ အင်တာမီလန်နဲ့ ဗစ်တိုးရီးယားပါလ်ဇန်ပွဲ ရလဒ်ကြောင့် ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ လက်ပြနှုတ်ဆက်ခဲ့ရပါတယ်။ အဆိုပါပွဲဟာ ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်ပွဲမတိုင်ခင် အရင်ကစားခဲ့တာဖြစ်ပြီး အင်တာမီလန်က လေးဂိုးပြတ်နဲ့ အိမ်ကွင်းမှာ အနိုင်ရရှိခဲ့ပါတယ်။



အဲ့ဒါကြောင့်လည်း ဘာစီလိုနာတို့ ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ ထွက်ခွာခဲ့ရပြီး ယူရိုပါလိဂ်ကို နှစ်နှစ်ဆက်အဖြစ် ဆင်းကစားရတော့မှာပါ။ ဘာစီလိုနာဟာ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်မှာလည်း ဘိုင်ယန်မြူးနစ်နဲ့ တအုပ်စုတည်း အတူတူကျရောက်ခဲ့ပြီး ယူရိုပါလိဂ်ကို ဆင်းကစားခဲ့ရပါသေးတယ်။

မနေ့ညကပွဲမတိုင်ခင် ဘာစီလိုနာ ကစားသမားတွေ သွေးပူလေ့ကျင့်ခန်းဆင်းနေချိန်မှာ အင်တာမီလန်ပွဲရလဒ် ထွက်ပေါ်လာခဲ့တာဖြစ်ပြီး ဒီရလဒ်ကြောင့် ဘာစီလိုနာတို့ ပေါင် (၁၈) သန်းပါ ကနဦးအရှုံးပေါ်သွားခဲ့ရပါတယ်။ ချန်ပီယံလိဂ်ကနေ စောစောစီးစီး ထွက်ခွာရတာက အသင်းကြီးတသင်းရဲ့ ဝင်ငွေကို တော်တော်လေး ထိခိုက်စေပြီး ဘာစီလိုနာအတွက်တော့ ပိုမိုနစ်နာခဲ့ရပါတယ်။

လက်ရှိအချိန်ထိ ဘာစီလိုနာဟာ အကြွေးတင်နေဆဲဖြစ်ပြီး ချန်ပီယံလိဂ်ကထွက်ခွာကာ ဝင်ငွေ ထိခိုက်ခဲ့တာက နောက်ထပ်ထိုးနှက်ချက်တခုဖြစ်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့နွေရာသီမှာ ဘာစီလိုနာတို့ အသင်းရဲ့မူပိုင်ခွင့်အချို့ကို ရောင်းထုတ်ပြီး ကြွေးမြီပြဿနာကို ဖြေရှင်းခဲ့ရပေမယ့် ဒါဟာ ဒီတရာသီစာအတွက်သာဖြစ်ကြောင်း၊ လာမယ့်နွေရာသီမှာ ဒီလိုမျိုး ပြဿနာကို ဘာစီလိုနာတို့ ထပ်မံရင်ဆိုင်ရမှာဖြစ်ကြောင်း လာလီဂါဥက္ကဌ တီဘက်စ်ကိုယ်တိုင်က ပြောကြားထားပါတယ်။

ဘာစီလိုနာတို့ ချန်ပီယံလိဂ်ကနေ ထွက်ရတဲ့နောက် ကစားသမားတွေကို အပိုဆုကြေး ပေးစရာမလိုတော့တာက အသက်ရှူချောင်စရာကိစ္စတခုဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့နွေရာသီမှာ ကစားသမားသစ်တွေအတွက် ပေါင်သန်း (၁၅၀) ဝန်းကျင် အသုံးပြုထားပြီး လီဝန်ဒေါစကီး၊ ရာဖင်ညာ၊ ကွန်ဒေးတို့လို ကစားသမားတွေကို ခေါ်ယူထားတဲ့ ဘာစီလိုနာအတွက်တော့ ချန်ပီယံလိဂ်ကထွက်ခဲ့ရတာက မျက်နှာပျက်စရာဖြစ်ခဲ့ရပါတယ်။ 

Share

Loading Next Article...
က္က