ပြင်သစ်နာမည်ကျော်သတင်းစာ L'Equipe ဟာ ဘိုင်ယန်မြူးနစ်နဲ့ပွဲစဉ်က မက်ဆီနဲ့ နေမာတို့ရဲ့ ခြေစွမ်းတွေကို Rating သတ်မှတ်ခဲ့ရာမှာ ၃ သာ ပေးခဲ့ပါတယ်။ အိမ်ကွင်းမှာ ဘိုင်ယန်ကို ပီအက်စ်ဂျီတို့ အရေးနိမ့်ခဲ့ပြီး တောင်အမေရိကသားနှစ်ဦးစလုံး ခြေစွမ်းမပြနိုင်ဖြစ်ခဲ့ရကာ စွမ်းဆောင်ရည်အမှတ်တွက်ချက်မှုမှာ တော်တော်ကို နည်းပါးတဲ့ အဆင့်သာ ရရှိခဲ့တာလည်းဖြစ်ပါတယ်။
ပွဲအပြီးမှာ ပီအက်စ်ဂျီအသင်းသားတွေက ပရိသတ်တွေကို တောင်းပန်မှုတွေပြုလုပ်ခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ဒီနောက်မှာတော့ ပြင်သစ်သတင်းစာက သူတို့ရဲ့ စွမ်းဆောင်ရည်တွေကို ဖော်ပြပါအတိုင်း သတ်မှတ်ခဲ့ကာ မက်ဆီနဲ့ နေမာတို့အတွက် ဒါက အရှက်ရစရာတခုဖြစ်လာခဲ့ပါတယ်။ မက်ဆီဟာ ဒဏ်ရာကနေ ပြန်လည်သက်သာလာကာ ဝင်ကစားပေးခဲ့ပေမယ့် သူ့ကို ဘိုင်ယန်ကစားသမားတွေက ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။
ဘတ်ပီဝင်ရောက်လာပြီးနောက်မှသာ ပီအက်စ်ဂျီတိုက်စစ်က ပိုမိုအသက်ဝင်လာခဲ့ပြီး ဂိုးပေါက်ခြိမ်းခြောက်မှုတွေ ဆက်တိုက်ပြုလုပ်နိုင်ခဲ့တာပါ။ ၂၅ မိနစ်သာ ဝင်ကစားခဲ့ရတဲ့ ဘတ်ပီက မက်ဆီနဲ့ နေမာတို့ထက် ပိုကောင်းတဲ့ ခြေစွမ်းကို ပြသနိုင်ခဲ့တယ်လို့ ပီအက်စ်ဂျီပရိသတ်တွေက တွစ်တာမှာ ပြောဆိုခဲ့ကြကာ ပြင်သစ်တိုက်စစ်မှူးကို ချီးကျူးခဲ့ကြပါတယ်။
L'Equipe က ပီအက်စ်ဂျီကစားသမားတွေထဲက ဆာဂျီယိုရာမို့စ်နဲ့ မာကွင်ဟို့စ်တို့ ၂ ဦးတည်းကိုသာ Rating 6/10 ပေးခဲ့ပြီး ကျန်ကစားအားလုံးကိုတော့ 3/10 သာ ပေးခဲ့တာဖြစ်ပါတယ်။ ဒီပွဲကို အရေးနိမ့်ခဲ့တာကြောင့် မြူးနစ်မှာ ကစားရမယ့် ဒုတိယအကျော့ကို ပီအက်စ်ဂျီတို့ ရုန်းကန်ရတော့မှာဖြစ်ပြီး ပရိသတ်အများစုကတော့ ၁၆ သင်းအဆင့်ကနေ ပီအက်စ်ဂျီလှည့်ပြန်ရမယ်လို့ ယုံကြည်နေကြပါတယ်။