လီယွန်နယ် မက်ဆီဟာ လက်ရှိမှာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း နောက်ဆုံးလတွေထဲကို ရောက်ရှိနေသူဖြစ်ပြီး ပြင်သစ်လီဂူးဝမ်းထိပ်သီးအသင်းကြီးနဲ့ စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမှုရရှိခြင်း မရှိသေးတာ ဖြစ်ပါတယ်။
အပြောင်းအရွှေ့အထူးကျွမ်းကျင်သူ ဂျာနယ်လစ် ဖက်ဘရီဇီယို ရိုမာနိုက ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ အာဂျင်တီးနားကြယ်ပွင့်က ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းတိုးပြီး ပဲရစ်မှာ ဆက်နေဖို့ နှုတ်အားဖြင့် သဘောတူညီခဲ့တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း စာချုပ်သစ်ကို အခုအချိန်အထိ ချုပ်ဆိုရခြင်းမရှိသေးတာကြောင့် မရေရာမသေချာမှုတွေ ကြီးထွားလာနေပြီး မကြာသေးမီက ထွက်ပေါ်လာခဲ့တဲ့သတင်းတွေအရ မက်ဆီဟာ ပြင်သစ်မှာ စာချုပ်သက်တမ်းတိုးပြီး ဆက်နေဖို့ကိစ္စကို သံသယရှိနေတယ်လို့ သိရပါတယ်။
L'Equipe ဂျာနယ်လစ် ဖလိုရန့် တော့ရှုက လက်ရှိမှာ အာဂျင်တီးနားကြယ်ပွင့်တိုက်စစ်မှူးရဲ့ စာချုပ်အခြေအနေနဲ့ပတ်သက်ပြီး အရေးကြီးတဲ့ နောက်ဆုံးရသတင်းကို ပေးခဲ့ပြီဖြစ်ပြီး မက်ဆီရဲ့ ကိုယ်စားလှယ်တွေဟာ စာချုပ်သက်တမ်းတိုးဖို့ကိစ္စ ဆွေးနွေးဖို့အတွက် ပီအက်စ်ဂျီအသင်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒီတွေ့ဆုံမှုဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် ပီအက်စ်ဂျီအသင်းရဲ့ ချန်ပီယံလိဂ် ပထမအကျော့ပွဲစဉ်အပြီးမှာ ဖြစ်ဖို့များပြီး လီယွန်နယ် မက်ဆီဟာ ယခုရာသီမှာ အများကြီးပိုမိုကောင်းမွန်တဲ့ ခြေစွမ်းကို ပိုင်ဆိုင်နေတာဖြစ်ပါတယ်။
မက်ဆီဟာ ယခုရာသီ ပြိုင်ပွဲစုံ ၂၅ ပွဲမှာ သွင်းဂိုး ၁၅ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၄ ကြိမ် ပြုလုပ်ထားပြီး ဂယ်လ်တီယေးရဲ့အသင်းဟာ လီဂူးဝမ်း အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဒုတိယနေရာက မာဆေးလ်ထက် ၅ မှတ်အသာနဲ့ ဦးဆောင်နေတာ ဖြစ်ပါတယ်။