ဒီနေ့မှာ ပီအက်စ်ဂျီနဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲကို ကစားရတော့မယ့် ဘိုင်ယန်မြူးနစ်အသင်းရဲ့ အသင်းခေါင်းဆောင်သောမတ်စ်မူလာကတော့ သူတို့အသင်းနဲ့ လာတွေ့တာဟာ နေမာ၊ မက်ဆီနဲ့ ဘတ်ပီတို့ ကံဆိုးတာပဲလို့ ပြောဆိုလိုက်ပါတယ်။ ပွဲမတိုင်ခင် Bild နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ မူလာက ပြောဆိုခဲ့တာဖြစ်ပြီး ဒီပွဲကို အနိုင်ယူပြီး နောက်တဆင့်ကို တက်နိုင်ဖို့ လုပ်သွားမယ်လို့လည်း ဆိုပါတယ်။
"ပီအက်စ်ဂျီနဲ့ ကစားရမှာက တကယ်ခက်ပါတယ်၊ ပြီးခဲ့တဲ့ရာသီမှာ ကျနော်တို့ ရှုံးထွက်အဆင့်ကနေ အစောကြီးထွက်ခဲ့ရတယ်၊ ဒီနှစ်တော့ အဲဒီထက် သေချာပေါက်ပိုကောင်းလာမှာပါ၊ ဘိုင်ယန်အတွက် ချန်ပီယံလိဂ်က အရေးကြီးတယ်ဆိုတာကို အများကြီး ပြောနေဖို့ မလိုပါဘူး" လို့ သောမတ်စ်မူလာက ဆိုပါတယ်။
ပီအက်စ်ဂျီမှာတော့ မက်ဆီ၊ နေမာ၊ ဘတ်ပီတို့လို တိုက်စစ်အကျော်အမော်တွေ ပိုင်ဆိုင်ထားတာပါ။ ဒီပွဲကို မက်ဆီနဲ့ ဘတ်ပီတို့ လွဲချော်မယ်လို့ သတင်းတွေထွက်နေပေမယ့်လည်း အခုအခါမှာ အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းနေပြီဖြစ်ပါတယ်။ MNM တိုက်စစ်နဲ့ ပတ်သက်ပြီးတော့လည်း မူလာက အခုလိုထပ်ပြောခဲ့ပါတယ်။
"ပီအက်စ်ဂျီမှာ နာမည်ကျော်ကစားသမားတွေအများကြီးပါ၊ ဒါပေမယ့် ဘိုင်ယန်နဲ့ ရင်ဆိုင်ရမှာကို သဘောကျတဲ့အသင်း ကမ္ဘာပေါ်မှာ ရှိလားဆိုတာ ကျနော်မသိဘူး၊ မက်ဆီ၊ ဘတ်ပီနဲ့ နေမာတို့ အကောင်းဆုံးပုံစံရနေတာကို မြင်နေရပါတယ်၊ သူတို့အသင်းက ကမ္ဘာပေါ်မှာ တိုက်စစ်အကောင်းဆုံးအသင်းပါ၊ သူတို့ ၃ ဦး ကစားတာကို ပရိသတ်အနေနဲ့ ကြည့်ရတာ အရမ်းမိုက်တယ်"
"ဒါပေမယ့် ကျနော်တို့နဲ့ ရင်ဆိုင်ရတာကတော့ ကံဆိုးတာပဲ၊ သူတို့ရဲ့ ဘောလုံးအနုပညာတွေက ရပ်တန့်ခံရမှာမို့လို့ပါ" လို့ သူက ထပ်ပြောခဲ့တာပါ။ သူတို့နှစ်သင်းဟာ ၂၀၂၁ ကလည်း ရင်ဆိုင်ခဲ့ဖူးပြီး နှစ်ကျော့ပေါင်းရလဒ် ၃-၃ ဖြစ်ခဲ့ပေမယ့် အဝေးဂိုးအသာနဲ့ ပီအက်စ်ဂျီက နောက်တဆင့်ကို တက်ရောက်သွားခဲ့တာပါ။ ဒါကြောင့် ဒီပွဲဟာ ဘိုင်ယန်တို့ လက်စားချေရမယ့်ပွဲလည်း ဖြစ်ပါတယ်။