မနေ့ညက ကစားခဲ့တဲ့ အင်တာမီလန်နဲ့ ဗစ်တိုးရီးယားပါလ်ဇန်တို့ရဲ့ ချန်ပီယံလိဂ်ပွဲမှာ အင်တာမီလန်က လေးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့နောက် ဘာစီလိုနာက ဘိုင်ယန်မြူးနစ်နဲ့ပွဲမတိုင်ခင်မှာတင် ယူရိုပါလိဂ် ဆင်းကစားဖို့ သေချာခဲ့ပါတယ်။ ဒါ့အပြင် ဘာစီလိုနာကလည်း အိမ်ကွင်းမှာ ဘိုင်ယန်မြူးနစ်ကို သုံးဂိုးပြတ်နဲ့ရှုံးနိမ့်ခဲ့ပါသေးတယ်။
ဒါပေမယ့် ပရိသတ်အချို့ကတော့ အင်တာမီလန်နဲ့ဗစ်တိုးရီးယားပါလ်ဇန်တို့ပွဲမစခင်မှာ ဗစ်တိုးရီးယားပါလ်ဇန် ကစားသမားတွေရဲ့ အပြုအမူတွေနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေရှိနေပါတယ်။ ဗစ်တိုးရီးယားပါလ်ဇန်ဟာ အုပ်စု အဆင့် (၄) နေရာမှာသာ ရှိနေမှာ သေချာနေပြီး အင်တာမီလန်နဲ့ပွဲကို အလေးမထားဘဲ ကစားခဲ့တယ်လို့ ဝေဖန်နေကြတာပါ။
အထူးသဖြင့် ပွဲမစခင် နှစ်ဖက်ကစားသမားတွေ တန်းစီနေချိန်၊ ချန်ပီယံလိဂ်သီချင်းဖွင့်နေချိန်မှာ ဗစ်တိုးရီးယားပါလ်ဇန် ကစားသမားတွေက ရယ်ရယ်ပြုံးပြုံးနဲ့ ကင်မရာကို ကြည့်ကာ နှုတ်ဆက်နေခဲ့တာဖြစ်ပါတယ်။ ပထမဆုံးရိုက်ကူးပြသတဲ့ ဗစ်တိုးရီးယားပါလ်ဇန် ကစားသမားက ရုပ်သံကင်မရာကို မျက်စိတဖက်မှိတ်ပြကာ လက်ပြခဲ့သလို ကစားသမားလေးယောက်လောက်က သူတို့ရှေ့ ရုပ်သံကင်မရာ ရောက်လာချိန်မှာ လက်ပြနှုတ်ဆက်ခဲ့ကြတာပါ။
အဲ့ဒါကြောင့်လည်း ပရိသတ်တွေက “ဒီလိုအသင်းမျိုးက ဘာစီလိုနာက မှီခိုနေရတာတဲ့လား။ ငါတော့ ငိုနေရပြီ” “သူတို့ကို ကြည့်ရတာ ဒီပွဲအတွက် ဘာမှကို ဂရုမစိုက်တဲ့ပုံစံမျိုးပါပဲ” “သူတို့က ပရော်ဖက်ရှင်နယ်မဆန်တဲ့ ကစားသမားတွေပဲ” လို့ အမျိုးမျိုး ဝေဖန်ရေးသားခဲ့ကြပါတယ်။ ဗစ်တိုးရီးယားပါလ်ဇန်ဟာ အုပ်စုပွဲတိုင်းကို ရှုံးနိမ့်ထားတာပါ။
ဒါပေမယ့် ဘာစီလိုနာကလည်း ဘိုင်ယန်မြူးနစ်နဲ့ပွဲမှာ အနိုင်မကစားနိုင်ခဲ့ဘဲ ဆိုးရွားတဲ့ ခံစစ်ကြောင်းနဲ့အတူ ပထမပိုင်းမှာတင် နှစ်ဂိုးပြတ်ရှုံးနိမ့်နေခဲ့ပြီး ပွဲအပြီးမှာလည်း သုံးဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။ ဒါ့အပြင် ဒါဟာ ဘာစီလိုနာအတွက် နှစ်ရာသီဆက်တိုက် ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ ထွက်ခွာခဲ့ရတာဖြစ်ပြီး ယူရိုပါလိဂ်ကို ဆင်းကစားရတော့မှာလည်းဖြစ်ပါတယ်။