ဘိုင်ယန်က ပြောင်းရွှေ့ကြေးကို လက်ငင်းလိုချင်နေတာပါ။

ဘိုင်ယန်မြူးနစ်ဟာ ဘာစီလိုနာရဲ့ စီးပွားရေးအခြေအနေအပေါ် အယုံအကြည်မရှိဘဲ လီဝန်ဒေါစကီးရဲ့ပြောင်းရွှေ့ကြေးအတွက် လက်ငင်းငွေချေပေးဖို့ ဆန္ဒရှိနေတယ်လို့ သိရှိရပါတယ်။ ဘိုင်ယန်မြူးနစ်ဟာ အဆိုပါ ပိုလန်လက်ရွေးစင်တိုက်စစ်မှူးအတွက် ပြောင်းရွှေ့ကြေး ပေါင် (၄၃) သန်း အလိုရှိနေပါတယ်။



ဘာစီလိုနာဟာ လက်ရှိနွေရာသီအပြောင်းအရွှေ့မှာ လီဝန်ဒေါစကီးအတွက် အကြိမ်ကြိမ်ကြိုးပမ်းနေခဲ့ပေမယ့် ဘိုင်ယန်မြူးနစ်ကတော့ လက်သင့်မခံသေးပါဘူး။ ဘာစီလိုနာဟာ ဘဏ္ဍာရေးပြဿနာတွေနဲ့ ကြုံတွေ့နေရပြီး ဘိုင်ယန်မြူးနစ်တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးကို ပေးချေနိုင်ဖို့ကလည်း ခက်ခဲနေပါတယ်။

ကစားသမားကိုယ်တိုင်က ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေပေမယ့် ဘိုင်ယန်မြူးနစ်က လီဝန်ဒေါစကီးကို အလောတကြီးရောင်းထုတ်သွားဖို့ စိတ်ကူးမရှိပါဘူး။ ဒါ့အပြင် ဘာစီလိုနာရဲ့ အနေအထားကြောင့် ဘိုင်ယန်မြူးနစ်က အပိုဆုကြေးပါတဲ့ကမ်းလှမ်းမှုတွေကို လက်မခံလိုဘူးလို့လည်း သိရပါတယ်။ ဘာစီလိုနာဟာ သူတို့အသင်းမှာရှိပြီးသား ကစားသမားတွေကိုတောင် လခပေးဖို့ ခက်ခဲနေတာပါ။

ပုံမှန်အားဖြင့် အပြောင်းအရွှေ့တွေမှာ ကနဦးပြောင်းရွှေ့ကြေးကိုတောင် အရစ်ကျပေးလေ့ရှိတဲ့ စနစ်ကို ကျင့်သုံးလေ့ရှိပြီး အဲ့ဒီနောက်မှာမှ ကစားသမားရဲ့ စွမ်းဆောင်ရည်နဲ့ အောင်မြင်မှုအတွက် အပိုဆုကြေးကို ထည့်သွင်းပေးချေရတာပါ။ ဒါပေမယ့် ဘိုင်ယန်မြူးနစ်ကတော့ ချက်ချင်းလက်ငင်း ပြောင်းရွှေ့ကြေးအပြည့်အဝ လိုချင်ပြီး ဘာစီလိုနာရဲ့ အနေအထားကို မယုံကြည်တာကြောင့် အရစ်ကျငွေချေတဲ့စနစ်အပေါ် စိုးရိမ်နေပါတယ်။

The Athletic ရဲ့ ရာဖေးလ်ဟွိုင်စတိန်းက “ဘာစီလိုနာအနေနဲ့ နောက်တနှစ်၊ နှစ်နှစ်အတွင်း အခြေအနေ ဘယ်လိုဖြစ်မယ်ဆိုတာကို ဘိုင်ယန်မြူးနစ်ဘက်က မရေမရာဖြစ်နေပါတယ်” လို့ ဖွင့်ဟပြောကြားခဲ့ပါတယ်။ ဘာစီလိုနာဟာ လက်ရှိနွေမှာ ခရစ္စတန်ဆန်၊ ကက်ဆီတို့ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားပါတယ်။ 

Share

က္က