မနေ့ညက ကစားခဲ့တဲ့ ဘာစီလိုနာနဲ့ အင်တာမီလန်တို့ရဲ့ ချန်ပီယံလိဂ်ပွဲမှာ တဖက်သုံးဂိုးစီသရေကျခဲ့ပြီး ဘာစီလိုနာတို့ ချန်ပီယံလိဂ်မှာ အုပ်စုကနေ ထွက်ခွာဖို့ သေချာသလောက်ဖြစ်သွားခဲ့ပါပြီ။ ဒီပွဲမှာ ဘာစီလိုနာတို့ လုံးဝကိုရှုံးပြီး အုပ်စုကထွက်ဖို့ သေချာသွားမယ့် အခွင့်အရေးကို အင်တာမီလန်ဘက်က ရရှိခဲ့ပေမယ့် ဒီအခွင့်အရေးကို အသုံးမချနိုင်ခဲ့ဘဲ ဖြုန်းတီးခဲ့ပါတယ်။
နောက်ဆုံးမိနစ်မှာရရှိခဲ့တဲ့ အဆိုပါ အခွင့်အရေးကို အင်တာမီလန်ကွင်းလယ်လူ အက်စ်လာနီက တွဲဖက်ပါလာတဲ့ ကစားသမားကို မခင်းပေးခဲ့ဘဲ ကိုယ်တိုင် ကန်သွင်းခဲ့ပေမယ့် ဒီအခွင့်အရေးက ဂိုးမဖြစ်ခဲ့ဘဲ သုံးဂိုးစီ သရေနဲ့သာ ပွဲပြီးဆုံးခဲ့ပါတယ်။ တကယ်လို့ ဒီဂိုးသာ ဝင်သွားခဲ့ရင် ဘာစီလိုနာတို့ ရှုံးနိမ့်ကာ ချန်ပီယံလိဂ်အုပ်စုကနေ ထွက်ခွာရမှာဖြစ်ပါတယ်။
ဒါပေမယ့် ဒီအပိုင်အခွင့်အရေး လွဲချော်မှုကြောင့် ဘာစီလိုနာတို့ ချန်ပီယံလိဂ်မှာ အသက်ငွေ့ငွေ့ ကျန်ရှိပါသေးတယ်။ ဘာစီလိုနာအနေနဲ့ လက်ကျန် ဘိုင်ယန်မြူးနစ်၊ ဗစ်တိုးရီးယားပါလ်ဇန်တို့ကို မဖြစ်မနေ အနိုင်ယူဖို့ လိုအပ်ပြီး အင်တာမီလန် အမှတ်လျော့တာကိုလည်း စောင့်ဆိုင်းရမှာပါ။ အဲ့ဒါကြောင့် ဘယ်လိုပဲဖြစ်ဖြစ် ဘာစီလိုနာတို့ အုပ်စုက ပြုတ်ပြီး ယူရိုပါလိဂ်ဆင်းကစားရဖို့ သေချာသွားခဲ့ပါပြီ။
ဒါပေမယ့်လည်း အင်တာမီလန်ဘက်က အက်စ်လာနီ အပိုင်အခွင့်အရေး လွဲချော်မှုကို ပရိသတ်တွေက တကယ် မချင့်မရဲဖြစ်နေကြပါတယ်။ ပရိသတ်တွေက “သူ ဘာကြောင့် လူမပေးခဲ့တာလဲ” “အစ္စလာနီတယောက် ဘာကြောင့်များ ဒီလောက် မှားယွင်းခဲ့ရတာလဲ” “ကျနော် အင်တာမီလန် ပရိသတ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒါကို ကြည့်ရတာ တော်တော်ဒေါသထွက်ပါတယ်”
“ဒီကောင်က နာမည်ကြီးချင်နေတာပဲ" လို့ အမျိုးမျိုးဝေဖန်ပြောကြားခဲ့ကြပါတယ်။ အက်စ်လာနီဟာ အမ်ပိုလီကနေ အင်တာမီလန်ကို အငှားနဲ့ လာရောက်ကစားနေတာဖြစ်ပြီး အသက် (၂၀) အရွယ်သာရှိပါသေးတယ်။ ဘာစီလိုနာနဲ့ပွဲက သူ့ရဲ့လွဲချော်မှုကတော့ သူ့ရဲ့ လူငယ်ကစားသမားဘဝအတွက် အကြီးမားဆုံး လွဲချော်မှုတွေထဲက တခုဖြစ်ခဲ့ရပါပြီ။