မန်ချက်စတာယူနိုက်တက်နဲ့ ဘာစီလိုနာတို့ရဲ့ ယူရိုပါလိဂ်ပလေးအော့အဆင့် ဒုတိယအကျော့ပွဲကတော့ ပထမအကျော့တုန်းကလောက် ကြည့်မကောင်းခဲ့ပါဘူး။ ဒါပေမယ့် အနိုင်ရဖို့အတွက် နှစ်သင်းစလုံး အားကုန်ထုတ်ကစားခဲ့ပြီး ပွဲကတော့ အကြိတ်အနယ်ရှိခဲ့ပါတယ်။ နှစ်သင်းစလုံးက ပုံမှန်လူစာရင်းနဲ့ ပွဲထွက်လာခဲ့ပြီး ဘာကာကတော့ ဂါဗီနဲ့ ပီဒရီမပါနိုင်လို့ ဘက်ကွက်စ်ကို ထည့်သုံးခဲ့ပါတယ်။
အိမ်ကွင်းဖြစ်ပေမယ့် ယူနိုက်တက်ကစားပုံအားနည်းခဲ့ပြီး ဘာစီလိုနာက ပိုဖိအားပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း ပွဲချိန် ၁၀ မိနစ်ကျော်မှာပဲ ဘာကာနောက်ခံလူဘလိတ်နဲ့ ဘောလုံးအပြိုင်လုရာမှာ ဖာနန်ဒက်စ်က ဆွဲခဲ့တယ်ဆိုပြီး ကွင်းလယ်ဒိုင်က ပင်နယ်တီပေးခဲ့ပါတယ်။ ဒီအဖြစ်အပျက်မှာ အနည်းငယ်တော့ အငြင်းပွားစရာရှိခဲ့တယ်လို့ ယူနိုက်တက်ပရိသတ်တွေက ဝေဖန်ခဲ့ပြီး ဒိုင်လူကြီးဆုံးဖြတ်ချက်က တလွဲတချော်ပဲလို့ ဆိုခဲ့ကြပါတယ်။
ဒီပင်နယ်တီကို လီဝန်ဒေါစကီးက ကန်သွင်းယူခဲ့ပြီး ဘာကာအတွက် ဦးဆောင်ဂိုးရယူပေးခဲ့ပါတယ်။ ဒီနောက်မှာ ချေပဂိုးရဖို့ ယူနိုက်တက်တို့ တိုက်စစ်မြှင့်ကစားခဲ့ပေမယ့် သူတို့ချင်း အချိတ်အဆက်အားနည်းသလို တိုက်စစ်ပိုင်းကလည်း ဘာမှကို မလုပ်ပြနိုင်ခဲ့လို့ ဘာစီလိုနာက အလွယ်တကူပဲထိန်းချုပ်နိုင်ခဲ့ပါတယ်။ ယူနိုက်တက်တိုက်စစ်ပိုင်းက ပထမပိုင်းမှာ တော်တော်အားနည်းခဲ့ပြီး ကြီးကြီးမားမားခြိမ်းခြောက်နိုင်တာမျိုး မလုပ်နိုင်ခဲ့သလောက်ပါပဲ။
ဒုတိယပိုင်းမှာတော့ တန်ဟက်ဂျ်က ဝက်ဂျ်ဟော့စ်နေရာ အန်တိုနီကို ထည့်သွင်းပြီး အပြောင်းအလဲလုပ်ခဲ့ပါတယ်။ ပွဲစပြီးသိပ်မကြာခင်မှာပဲ ဘာကာခံစစ်ရဲ့ အမှားကနေ ဖာနန်ဒက်စ်ဘောလုံးရခဲ့ပြီး သူ့ရဲ့ဖန်တီးပေးမှုကို ဖရက်ဒ်က ဧရိယာအစပ်နားကနေ ညာခြေနဲ့ အပိုင်ကန်သွင်းကာ ယူနိုက်တက်အတွက် ချေပဂိုးပြန်ယူပေးခဲ့ပါတယ်။ ၁-၁ ဖြစ်သွားခဲ့ပြီးနောက် ယူနိုက်တက်ကစားပုံက ပိုကောင်းလာပါတယ်။ ဖာနန်ဒက်စ်က နေရာပြောင်းကစားခဲ့လို့ ကွင်းလယ်ကစားပုံပါ တက်လာခဲ့တာပါ။
ပထမပိုင်းတပိုင်းလုံး ညာတောင်ပံတိုက်စစ်က ဘာမှမလုပ်နိုင်ခဲ့တဲ့ ယူနိုက်တက်က အန်တိုနီဝင်လာပြီးချိန်မှာ ဘာကာဘယ်ခြမ်းခံစစ်ကို ဖိအားပေးနိုင်ခဲ့ပါတယ်။ ပွဲချိန် ၆၄ မိနစ်မှာ ကွန်ဒေးရဲ့ အပိုင်ခေါင်းတိုက်ချက် ဂိုးပြီထင်ခဲ့ရပေမယ့် ဒီဂီယာပုတ်ထုတ်နိုင်ခဲ့လို့သာ ယူနိက်တက်တို့ သက်သာခဲ့ရပါတယ်။ ဘာကာကလည်း အနိုင်ဂိုးရဖို့ကို ဖိအားပေးကစားနိုင်ခဲ့ပြီး သူတို့ထိုးဖောက်လာတိုင်း ယူနိုက်တက်ခံစစ်က အသည်းအသန်ကို ဟန့်တားနေခဲ့ရပါတယ်။
၇၃ မိနစ်မှာတော့ ယူနိုက်တက်တို့ ဦးဆောင်ဂိုးပြန်ရသွားခဲ့ပြီး ဘာကာခံစစ်ကို ဖာနန်ဒက်စ်က ပါးပါးနပ်နပ်နဲ့ ဘောလုံးရအောင်လုယူနိုင်ခဲ့ကာ ဂါနာချိုကို ဖန်တီးပေးခဲ့ပါတယ်။ ဂါနာချိုကန်သွင်းချက်က ပြန်ထိပြီးထွက်လာချိန်မှာ ဖရက်ဒ်ထပ်ပိတ်ပေမယ့် ထပ်ပြီးအံထွက်လာတာကို အန်တိုနီက ဘယ်ခြေနဲ့အပိုင်ပိတ်ကာ သွင်းယူပေးသွားခဲ့တာပါ။ လက်ကျန်မိနစ်တွေမှာ ဘာကာတို့ ချေပဂိုးရဖို့ တိုက်စစ်မြှင့်ခဲ့ပေမယ့်လည်း ယူနိုက်တက်ခံစစ်ကို မကျော်နိုင်ခဲ့ပါဘူး။ ယူနိုက်တက်က ခံစစ်ကိုအားပြုပြီး ထိန်းကစားဖို့ကို အာရုံစိုက်ခဲ့လို့ ထိုးဖောက်ရခက်သွားခဲ့ပြီး တော်တော်အကျပ်ရိုက်ခဲ့ပါတယ်။ ဒီနောက်တော့ ဘာကာတို့ ချေပဂိုးမသွင်းနိုင်တော့လို့ ၂-၁ နဲ့ ယူနိုက်တက်အနိုင်ရကာ နှစ်ကျော့ပေါင်းရလဒ် ၄-၃ နဲ ယူရိုပါလိဂ် ၁၆ သင်းအဆင့်ကို တက်ရောက်သွားခဲ့ပါတယ်။