ဘာစီလိုနာဥက္ကဌ လာပေါ်တာက သူ့အသင်းရဲ့ ငွေကြေးသုံးစွဲမှုတွေအပေါ်မှာ ဝေဖန်နေကြသူတွေကို ပြန်လည်တုံ့ပြန်လာခဲ့ပါတယ်။ ဘာစီလိုနာဟာ ကြွေးမြီပြဿနာတွေ၊ အသင်းမှာရှိတဲ့ ကစားသမားတွေကို လစာမပေးချေနိုင်တဲ့ပြဿနာတွေရှိနေသည့်တိုင် လက်ရှိနွေစျေးကွက်မှာ ခပ်သွက်သွက် လှုပ်ရှားနေတဲ့ အသင်းတသင်းဖြစ်ပါတယ်။
ဒီလိုမျိုး ဘာစီလိုနာတို့က ခရစ္စတန်ဆန်၊ ကက်ဆီတို့ကို အလွတ်ပြောင်းရွှေ့ကြေး၊ ရာဖင်ဟာ၊ လီဝန်ဒေါစကီးနဲ့ ကွန်ဒေးတို့ကို ယူရိုသန်း (၁၅၀) ဝန်းကျင်နဲ့ ခေါ်ယူထားနိုင်ခဲ့ပြီး ဒီအပေါ်မှာ ဝေဖန်သံတွေ ထွက်ပေါ်နေပါတယ်။ ဘိုင်ယန်မြူးနစ်နည်းပြ နာဂယ်လ်စမန်းက ဘာစီလိုနာအနေနဲ့ ပိုက်ဆံမရှိဘဲ ဒီလိုမျိုးတွေခေါ်ယူနေတာက ရူးသွပ်မှုလို့ဆိုပါတယ်။
ဒါ့အပြင် ယူနိုက်တက်ဂန္တဝင်ဟောင်း ဂယ်ရီနဗီးလ်ကလည်း ဖရန်ကီဒီဂျောင်ကို လစာအကြွေးမပေးဘဲ အခုလိုပဲ ကစားသမားသစ်တွေခေါ်ယူနေတဲ့ ဘာစီလိုနာကို တရားဥပဒေအရ ရင်ဆိုင်ဖို့ တိုက်တွန်းနေပါတယ်။ ဒါပေမယ့် လာပေါ်တာကတော့ ဝေဖန်မှုတွေကြားထဲကနေ ကောင်းကောင်းကြီး တုံ့ပြန်ပြနေဆဲဖြစ်ပါတယ်။ သူတို့အနေနဲ့ အပြောင်းအရွှေ့မှာ ဆက်လက်လှုပ်ရှားဦးမှာဖြစ်ပြီး အံ့အားသင့်စရာတွေပါ လုပ်ပြဦးမယ်လို့ဆိုပါတယ်။
ဝေဖန်နေတဲ့ပြိုင်ဘက်တွေကိုလည်း လာပေါ်တာက “တချို့ပြိုင်ဘက်တွေက ကျနော်တို့လုပ်နေတဲ့အရာတွေကို တော်တော်လေး စိတ်မသက်မသာဖြစ်နေကြပုံပါပဲ။ ဒီတော့ ကျနော်တို့ လုပ်နေတာတွေက သူတို့ထက် ပိုကောင်းတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲလေ။ အမြင်တွေ၊ အယူအဆတွေအားလုံးကို ကျနော် လေးစားပါတယ်”
“ဒါပေမယ့် ကျနော်တို့က ကွင်းအတွင်းမှာ ပြိုင်ဆိုင်နိုင်စွမ်းအပြည့်အဝပြန်ရှိလာမှာကို ပြိုင်ဘက်တွေက လုံးဝကို စိုးရိမ်နေကြတာဗျ။ သူတို့ဒါကိုလည်း ကွင်းထဲမှာတွေ့ကြဦးမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ ဘာစီလိုနာဟာ အသစ်ခေါ်ယူထားတဲ့ ကစားသမားသစ်တွေကိုတော့ မှတ်ပုံတင်နိုင်ခြင်းမရှိသေးဘဲ ဒီအတွက် လုပ်ဆောင်စရာတွေရှိနေသေးတယ်လို့ လာလီဂါဥက္ကဌ တီဘက်စ်က ပြောကြားထားပါတယ်။