မန်စီးတီးနည်းပြ ဂွါဒီယိုလာက မနေ့ညက ဘာစီလိုနာအိမ်ကွင်း နူးကမ့်မှာကစားခဲ့တဲ့ ရန်ပုံငွေခြေစမ်းပွဲအပြီးမှာ ဘာစီလိုနာတို့အလိုရှိနေတဲ့ ကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားနဲ့ ပတ်သက်လို့ ဘာစီလိုနာကို မတင်မကျဖြစ်အောင် ပြောကြားခဲ့ပါတယ်။ တဖက်သုံးဂိုးစီ သရေကျခဲ့တဲဒီပွဲမှာတော့ ဘာစီလိုနာအတွက် အူဘာမီးယန်း၊ ဒီဂျောင်၊ ဒီပိုင်းတို့က ဂိုးသွင်းယူနိုင်ခဲ့ပြီး မန်စီးတီးအတွက် အယ်လ်ဗာရက်ဇ်၊ ပါလ်မာ၊ မာရက်ဇ်တို့က ဂိုးသွင်းယူခဲ့ပါတယ်။
ဒီပွဲမှာ ဘာစီလိုနာတို့ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ဘာနာဒိုဆေးလ်ဗားကလည်း ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားခဲ့ပြီး ပွဲကစားချိန် (၆၄) မိနစ်အထိ ပါဝင်ကစားသွားခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ အဆိုပါ ပေါ်တူဂီလူမျိုး ကွင်းလယ်လူကို ဘာစီလိုနာတို့ လက်ရှိနွေရာသီမှာ ခေါ်ယူဖို့ သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေပြီး ကစားသမားကိုယ်တိုင်ကလည်း ပြောင်းရွှေ့လိုနေပါတယ်။
ဘာနာဒိုဆေးလ်ဗားနဲ့ပတ်သက်လို့ ပွဲအပြီးမှာ ဂွါဒီယိုလာက “ဘာနာဒိုဆေးလ်ဗားကိုခေါ်မယ့်ကိစ္စ မေ့လိုက်ဆိုပြီး ကျနော်က ဘာစီလိုနာကို ပြောနေမှာမဟုတ်ပါဘူး။ ကျနော်က ဘာနာဒိုဆေးလ်ဗားကို အသင်းမှာ ဆက်နေစေချင်ပါတယ်။ ဒါပေမယ့် မပျော်မရွှင်ဖြစ်နေမယ့် ဘယ်သူ့ကိုမှတော့ ကျနော် မလိုချင်ပါဘူး။ ပထမဆုံးအနေနဲ့ အသင်းတွေကြားထဲမှာ သဘောတူညီမှုရရှိဖို့ လိုအပ်ပါသေးတယ်”
“ဒါပေမယ့် နောက်ဆုံးနှစ်နှစ်အတွင်း ဘာနာဒိုဆေးလ်ဗားအတွက် ဘာကမ်းလှမ်းမှုမှ မရထားပါဘူး။ ကျနော့်အနေနဲ့လည်း ဒီကစားသမားကို မထွက်စေချင်ပါဘူး။ ဘာနာဒိုဆေးလ်ဗားက ထူးချွန်တဲ့ ကစားသမားတယောက်ပါ။ အပြောင်းအရွှေ့ပိတ်ဖို့ကလည်း (၇) ရက်၊ (၈) ရက်လောက်ပဲ ကျန်ပါတော့တယ်”
“ဘာနာဒိုဆေးလ်ဗားကတော့ ဘာစီလိုနာကို အရမ်းသဘောကျတယ်ဆိုတာ အမှန်ပါပဲ” လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း မန်စီးတီးအမှုဆောင်အရာရှိချုပ် ဖာရန်ဆိုရီယာနိုကတော့ ဘာနာဒိုဆေးလ်ဗားကို ရောင်းချလိုခြင်းမရှိကြောင်းအပေါ် အပြောင်းအရွှေ့စျေးကွက်ပိတ်သလောက်ဖြစ်နေပြီလို့ သွယ်ဝိုက်ပြောကြားသွားခဲ့ပါတယ်။