အယ်လ်ဘာနဲ့ ရာမို့စ်တို့ကို ဆက်လက်ခေါ်ယူဖို့ ပြင်ဆင်နေတာပါ။

အင်တာမိုင်ယာမီဟာ အခုချိန်မှာ ဆာဂျီယိုရာမို့စ်နဲ့ ‌ဂျော်ဒီအယ်လ်ဘာတို့ကိုပါ ထပ်မံ ခေါ်ယူဖို့ ပစ်မှတ်ထားနေကြောင်း သတင်းတွေက ဖော်ပြလာပါတယ်။ ဒေးဗစ်ဘက်ခမ်းလည်း ပိုင်ဆိုင်တဲ့ အဆိုပါအသင်းဟာ လက်ရှိနွေရာသီမှာ မက်ဆီ၊ ဘူးစကွက်စ်တို့ကို ခေါ်ယူထားပြီးဖြစ်ပြီး နောက်ထပ် ပြင်ဆင်အားဖြည့်မှုတွေကို ပြုလုပ်ဖို့လည်း ရှိနေပါတယ်။



လက်ရှိအချိန်မှာ အင်တာမိုင်ယာမီက ဘာစီလိုနာ နောက်ခံလူဟောင်း အယ်လ်ဘာကို ထပ်မံခေါ်ယူဖို့ နောက်ဆုံးအဆင့် ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း သတင်းတွေက ဖော်ပြထားပြီး အသက် (၃၄) နှစ်အရွယ် အဆိုပါ ဘယ်နောက်ခံလူအတွက် အင်တာမိုင်ယာမီတို့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မှာပါ။ သတင်းတွေရဲ့ ဖော်ပြချက်အရ အင်တာမိုင်ယာမီဟာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားပြီဖြစ်တဲ့ ရာမို့စ်ကိုလည်း ခေါ်ယူဖို့ ဆွေးနွေးနေကြောင်း သိရှိရပါတယ်။

ရာမို့စ်ဟာ ရီးရဲလ်မက်ဒရစ်နောက်ခံလူဟောင်းတစ်ယောက်ဖြစ်ပြီး ပီအက်စ်ဂျီမှာလည်း မက်ဆီနဲ့အတူ တွဲကစားခဲ့ဖူးတဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ ကနဦးမှာတော့ ရာမို့စ်က အသင်းဟောင်း ဆီဗီလာရှိရာဆီကို ပြန်သွားဖို့ ပစ်မှတ်ထားနေကြောင်း သိရှိရပါတယ်။ ဒါပေမယ့်လည်း ဆီဗီလာရဲ့ ဘဏ္ဍာရေးအနေအထားအရ ဖြစ်နိုင်ခြေ နည်းပါးနေပါတယ်။

အင်တာမိုင်ယာမီဟာ မေဂျာလိဂ်မှာ တော်တော်လေး အခြေအနေဆိုးရွားနေတဲ့ အသင်းတစ်သင်းဖြစ်ပြီး ဒီအခြေအနေတွေကို အမြန်ဆုံး ကယ်တင်ရမှာကြောင့် အခုလိုပဲ ဥရောပက အသက်အရွယ်ရနေတဲ့ နာမည်ကျော်တွေကို ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ တိုက်စစ်ပိုင်းမှာ မက်ဆီ၊ ကွင်းလယ်မှာ ဘူးစကွက်စ်၊ နောက်တန်းမှာ ရာမို့စ်၊ အယ်လ်ဘာတို့ကိုသာ အားဖြည့်နိုင်ခဲ့ရင် အင်တာမိုင်ယာမီရဲ့ အနေအထားက ပြောင်းလဲသွားနိုင်ပါတယ်။

တိုက်ဆိုင်တာတစ်ခုက ဒီကစားသမား အားလုံးက ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့က ကစားသမားဟောင်းတွေလည်း ဖြစ်ပါတယ်။ ရာမို့စ်ကလည်း ရီးရဲလ်မက်ဒရစ် ဂန္တဝင်တစ်ယောက်ဖြစ်ပြီး မက်ဆီ၊ ဘူးစကွက်စ်၊ အယ်လ်ဘာတို့ကလည်း ဘာစီလိုနာရဲ့ အချစ်တော် ကစားသမားတွေဖြစ်ခဲ့တာပါ။ အဲ့ဒါကြောင့်လည်း အင်တာမိုင်ယာမီကတော့ တစ်ချိန်က အယ်လ်ကလက်စီကိုမှာ ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့တဲ့ ကစားသမားတွေကို အသင်းမှာ ခေါ်ယူ ပေါင်းစည်းဖို့ ကြိုးစားနေပြီလို့လည်း ပရိသတ်တွေက ဆိုကြပါတယ်။ 

Share

Loading Next Article...
က္က