ဗြိတိန်အခြေစိုက် ဒိုမီနိုပီဇာကုမ္ပဏီဟာ သူတို့ရဲ့ တရားဝင်တွစ်တာအကောင့်ကတဆင့် ချဲလ်ဆီးရဲ့ အပြောင်းအရွှေ့ လှုပ်ရှားမှုတွေကို လှောင်ပြောင်ရေးသားခဲ့ပါတယ်။ ချဲလ်ဆီးဟာ လက်ရှိနွေရာသီမှာ မန်စီးတီးတောင်ပံကစားသမား စတာလင်နဲ့ နာပိုလီနောက်ခံလူ ကူလီဘလီတို့ နှစ်ယောက်ကိုခေါ်ယူပြီးနောက်ပိုင်း ကစားသမားသစ်ခေါ်ယူနိုင်ကြောင်းကို မနေ့က ချီကာဂိုဖိုင်းယားဂိုးသမား ဂါဘရီရယ်နဲ့မှ ကြေညာနိုင်ခဲ့ပါတယ်။ ဒီဂိုးသမားကိုလည်း အငှားနဲ့ ပြန်လည်စေလွှတ်မှာပါ။
ချဲလ်ဆီးအနေနဲ့ ပြီးခဲ့တဲ့ ဇူလိုင် (၁၃) မှာ စတာလင်၊ ဇူလိုင် (၁၆) မှာ ကူလီဘလီတို့ကို ခေါ်ယူနိုင်ခဲ့ကြောင်း တရားဝင်ကြေညာခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီနောက်ပိုင်းမှာ ချဲလ်ဆီးတို့ ကစားသမားသစ်ရရှိဖို့ ရုန်းကန်ခဲ့ရပါတယ်။ ချဲလ်ဆီးဟာ ဘရိုက်တန်နောက်ခံလူ ကူကူရယ်လာအတွက် ပုဂ္ဂိုလ်ရေးအရ၊ ဗီလာကြယ်ပွင့် ချူကွာမီကာနဲ့ နှစ်သင်းကြား သဘောတူညီထားပေမယ့် အပြောင်းအရွှေ့တွေက တရားဝင်မဖြစ်မြောက်သေးပါဘူး။
အဲ့ဒါကြောင့်လည်း ဒိုမီနိုပီဇာက သူတို့ရဲ့တွစ်တာအကောင့်ကတဆင့် “ချဲလ်ဆီးက ကစားသမားသစ်ခေါ်ယူနိုင်ကြောင်း နောက်ဆုံးကြေညာချိန်ကနေ အခုချိန်ထိကို ကျနော်တို့အနေနဲ့ ပီဇာပေါင်း (၈၅၂,၆၀၉) လောက်အထိ ရောင်းချခဲ့ပြီးပါပြီ” လို့ ရေးသားလှောင်ပြောင်ခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးဟာ ဒီနွေရာသီစျေးကွက်ထဲမှာလည်း ဘာစီလိုနာရဲ့ တောက်လျှောက်ဒုက္ခပေးခြင်းကို ခံခဲ့ရပါတယ်။
စတာလင်ကို မခေါ်ယူခင်မှာ ချဲလ်ဆီးတို့ လိဒ်စ်တိုက်စစ်ကစားသမား ရာဖင်ဟာအတွက် သဘောတူညီမှုရရှိခဲ့ပေမယ့် ဘာစီလိုနာကကြားဖြတ်ခေါ်ယူခဲ့ပါတယ်။ ကူလီဘလီကိုခေါ်ယူပြီးနောက်မှာလည်း နောက်တန်းကို ထပ်မံအားဖြည့်ဖို့အတွက် ဆီဗီလာနောက်ခံလူ ကွန်ဒေးကို ချဲလ်ဆီးတို့ အရင်သဘောတူညီမှုရခဲ့ပေမယ့် ရာဖင်ဟာတုန်းကလိုပဲ ဘာစီလိုနာရဲ့ ကြားဖြတ်ခေါ်ယူခြင်းကို ခံခဲ့ရပါတယ်။
ဒါ့အပြင် ဘာစီလိုနာဟာ သူတို့ရဲ့နောက်တန်းကို ထပ်မံအားဖြည့်ဖို့အတွက်လည်း ချဲလ်ဆီးကစားသမားတွေဖြစ်တဲ့ မားကို့စ်အလွန်ဆိုနဲ့ အက်ဇ်ပီလီကွီတာတို့ကို ပစ်မှတ်ထားနေပါသေးတယ်။