ဘာစီလိုနာကတော့ ဆီဗီလာနောက်ခံလူကွန်ဒေးကို ပေါင် ၄၂ သန်းနဲ့ ခေါ်ယူလိုက်နိုင်ခဲ့ပြန်ပါပြီ။ ဒီရာသီအတွက် ၅ ဦးမြောက်ကစားသမားသစ်ခေါ်ယူမှုဖြစ်ပြီး သူတို့အသုံးပြုခဲ့တဲ့ ပြောင်းရွှေ့ကြေးက ပေါင်သန်း ၁၅၀ ကျော်အထိရှိလာခဲ့ပြီဖြစ်လို့ ဘဏ္ဍာရေးပြသနာတွေရှိနေတဲ့အသင်းမှ ဟုတ်ပါလေစလို့ တွေးနေရပါပြီ။ ဒါ့အပြင် ဒီကစားသမားတွေကို ပြိုင်ဘက်တွေနဲ့အပြိုင် ဆွဲဆောင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။
အေစီမီလန်ကွင်းလယ်လူဖရန့်ကက်ဆီ၊ ချယ်လ်ဆီးနောက်ခံလူခရစ္စတီယန်ဆန်တို့ကို အလွတ်ခေါ်ယူခဲ့ကာ လိဒ်ယူနိုက်တက်က ရာဖင်ဟာ၊ ဘိုင်ယန်က လီဝန်ဒေါစကီးနဲ့ ဆီဗီလာက ကွန်ဒေးတို့ကိုတော့ မြင့်မားတဲ့ပြောင်းရွှေ့ကြေးတွေပေးခဲ့ရပါတယ်။ ထူးခြားတာကတော့ သူတို့ခေါ်ယူခဲ့တဲ့ ကစားသမားအများစုကို ချယ်လ်ဆီးနဲ့အပြိုင်ခေါ်ယူခဲ့တာဖြစ်ပါတယ်။
ရာဖင်ဟာတုန်းကလည်း ချယ်လ်ဆီးက ကမ်းလှမ်းထားခဲ့ပြီး အခြေအနေကောင်းနေခဲ့ပေမယ့် ဘာစီလိုနာကပါ ဝင်ရောက်လာချိန်မှာတော့ ကစားသမားက ဘာကာမှ ဘာကာဖြစ်သွားခဲ့လို့ ချယ်လ်ဆီးတို့ လက်လျှော့ခဲ့ရပါတယ်။ တိုက်စစ်မှူးလိုအပ်ချက်ရှိနေလို့ လီဝန်ဒေါစကီးလိုကစားသမားမျိုးကို ပစ်မှတ်ထားလို့ရခဲ့ပေမယ့် စိတ်ဝင်စားတယ်လို့တောင် အသံမထွက်နိုင်ခင်မှာပဲ ကစားသမားက ဘာစီလိုနာကလွဲရင် ဘယ်ကိုမှမသွားဘူးလို့ ထုတ်ပြောခဲ့ပါတယ်။
အခုအခါ ကွန်ဒေးအတွက်လည်း ချယ်လ်ဆီးက သဘောတူညီမှုရဖို့ အခြေအနေအရမ်းကောင်းနေခဲ့ပြီးကာမှ ဘာစီလိုနာက ကြားဝင်လာခဲ့လို့ လန်ဒန်ကလပ် နောက်ထပ်တကြိမ်အရှုံးပေးခဲ့ရပြန်ပါတယ်။ ကိုယ့်အသင်းက ခရစ္စတီယန်ဆန်ကို အလွတ်နဲ့ခေါ်ယူထားတဲ့အပြင် ပစ်မှတ်ကစားသမားတွေကိုပါ လက်ဦးမှုယူသွားလို့ နွေရာသီစျေးကွက်မှာတော့ ချယ်လ်ဆီးက ဘာကာပြုသမျှနုနေရသလိုပါပဲ။
ပိုဆိုးတာကတော့ သူတို့အသင်းခေါင်းဆောင် အက်ဇ်ပီလီကွီတာနဲ့ နောက်ခံလူအလွန်ဆိုတို့ကိုပါ ဘာကာက စိတ်ဝင်စားနေတယ်ဆိုတဲ့ သတင်းတွေထွက်နေတာပါ။ နည်းပြတူချယ်လ်ကလည်း ဒီအပေါ်မှာ ဒေါသူပုန်ထနေတယ်လို့ ဆိုပါတယ်။ ချယ်လ်ဆီးအနေနဲ့ ကစားသမားသစ်ခေါ်မယ်ဆိုရင် ဘာစီလိုနာမသိအောင် ကြိတ်လုပ်ရဖို့တောင်မှ ဖြစ်နေပါတယ်။