TalkSPORT ရဲ့ ရုပ်သံစီစဥ်တင်ဆက်သူ ဆိုင်မွန်ဂျော်ဒန်က လက်ရှိဘာစီလိုနာတင်နေတဲ့ ကြွေးမြီပမာဏက ယူနိုက်တက်ပိုင်ဆိုင်မှုတွေရဲ့ အစွန်းထက်ပမာဏတောင်မရှိဘူးလို့ ပြောကြားလိုက်ပါတယ်။ ဘာစီလိုနာဟာ လက်ရှိနွေရာသီမှာ အကြွေးယူရိုသန်း (၅၀၀) ဝန်းကျင်တင်ရှိနေပြီး ဘဏ္ဍာရေးပြဿနာနဲ့ ရင်ဆိုင်နေရပါတယ်။
အထူးသဖြင့် အသင်းရဲ့ ဝင်ငွေ၊ ထွက်ငွေမညီမျှမှု၊ ကစားသမားတွေအတွက် လစာပေးချေမှုပမာဏတွေက တော်တော်လေးဆိုးရွားနေပါတယ်။ အဲ့ဒါကြောင့်လည်း လက်ရှိနွေရာသီစျေးကွက်မှာ ခေါ်ယူထားတဲ့ ကစားသမားသစ်တွေကို အခုချိန်ထိ တရားဝင်မှတ်ပုံတင်နိုင်ခြင်းမရှိသေးဘဲ လာလီဂါက ဘာစီလိုနာကို ပိတ်ပင်ထားဆဲဖြစ်ပါတယ်။
ဒီအပေါ်မှာ ဆိုင်မွန်ဂျော်ဒန်က “ဘာစီလိုနာက အခုဆိုရင် အကြွေးချည်းပဲ ပေါင်သန်း ငါးရာ၊ ခြောက်ရာလောက်ရှိနေပါတယ်။ ခင်ဗျားတို့ကတော့ သူတို့ပြိုလဲသွားပြီလို့ ပြောနေကြတာပေါ့။ ဒါပေမယ့် ယူနိုက်တက်ရဲ့ အကြွေးပမာဏကလည်း ဒီလောက်ပဲဗျ။ တခုရှိတာက ဒီအကြွေးပမာဏဆိုတာက ယူနိုက်တက်ချမ်းသာတာရဲ့ (၁၀) ရာခိုင်နှုန်းလောက်ပဲရှိတာ”
“ပြောရရင် အစွန်းထွက်တောင်မရှိဘူးပေါ့။ ယူနိုက်တက်ရဲ့အတိုင်းအတာ၊ သူတို့ကစားနေတဲ့လိဂ်၊ သူတို့ရဲ့ စီးပွားရေးစာချုပ်တွေ၊ သူတို့ရထားတဲ့ ထောက်ခံမှုတွေနဲ့ ဝင်ငွေတွေ၊ သူတို့ခေါ်ထားတဲ့ ကစားသမားတွေကို ခင်ဗျားတို့ကြည့်လိုက်ပေါ့။ နောက်ပြီး ဘာစီလိုနာရဲ့ အနေအထားကို ခင်ဗျားပြန်ကြည့်လေ”
“ဒီအရာတွေအားလုံးကို စဥ်းစားသုံးသပ်ပြီးချိန်ကျရင်တော့ ခင်ဗျားအနေနဲ့ ဘယ်အရာက ဘယ်လိုဖြစ်တယ်ဆိုတာကို သိရှိလာနိုင်မှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ ယူနိုက်တက်ကလည်း သူတို့ရဲ့အမှတ်တံဆိပ်နဲ့ ကမ္ဘာတဝန်းမှာ အောင်မြင်ကျော်ကြားနေပေမယ့် ကွင်းတွင်းအောင်မြင်မှုတွေနဲ့ ဝေးကွာနေတာကြောင့် အသင်းပိုင်ရှင်ဂလေဇာမိသားစုအပေါ် ယူနိုက်တက်ပရိသတ်တွေက မကျေမနပ်ဖြစ်ပြီး ဆန္ဒပြနေကြဆဲဖြစ်ပါတယ်။