အယ်လ်ကလက်စီကိုပွဲမှာ ရီးရဲလ်မက်ဒရစ်ကို ဘာစီလိုနာက ၄ ဂိုးပြတ်နဲ့အနိုင်ရခဲ့ပြီးနောက် ဘာကာနောက်ခံလူပီကေးရဲ့ ဇနီးသည် နာမည်ကျော်အဆိုတော်ရှာကီရာက သူမယောကျ်ားကသာ ကမ္ဘာပေါ်မှာ အကောင်းဆုံးဗဟိုခံစစ်ကစားသမားလို့ ချီးကျူးလိုက်ပါတယ်။ ဘာနေဗျူးမှာ ဘာကာတို့ခြေစွမ်းပြခဲ့ရာမှာ ပီကေးပါဝင်ခဲ့ပြီး အသင်းခံစစ်ကို ဦးဆောင်ကစားပေးနိုင်ခဲ့တာဖြစ်ပါတယ်။
ပွဲအပြီးမှာလည်း ပီကေးက သူ့ရဲ့တွစ်တာကတဆင့် "ငါတို့ပြန်လာပြီ" လို့ ရေးသားကာ ဂုဏ်ယူဝံ့ကြွားခဲ့ပါတယ်။ အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ စပိန်နောက်ခံလူကို သူ့ရဲ့ဇနီးရှာကီရာကလည်း လာရောက်အားပေးခဲ့ပြီး ဘာစီလိုနာတို့နိုင်ပွဲရပြီး သိပ်မကြာခင်မှာပဲ လူမှုကွန်ယက်ကတဆင့် ရေးသားပြောဆိုမှုတွေ ပြုလုပ်သွားခဲ့တာဖြစ်ပါတယ်။
သူမက "ဂျာရတ်ပီကေးက ကျမကို အခုလိုမျိုး လူသိထင်ရှားပြောဆိုတာတွေမလုပ်စေချင်ဘူး၊ ဒါပေမယ့်လည်း သူ့လိုမျိုး သူရဲကောင်းဆန်တဲ့သူတွေသာ ဒီလိုကစားနိုင်တာပါ၊ ဒဏ်ရာပြသနာတွေ၊ နာကျင်မှုတွေရှိနေရင်တောင်မှ သူ့ရဲ့အကောင်းဆုံးခြေစွမ်းကိုပဲ ပေးဆပ်ခဲ့တာပါ၊ ကျမယောကျ်ားမို့လို့ ပြောတာတော့မဟုတ်ဘူး၊ သူက ကမ္ဘာပေါ်မှာ အကောင်းဆုံးဗဟိုခံစစ်လူပဲ" လို့ ရေးသားပြောဆိုခဲ့ပါတယ်။
ပီကေးဟာ ဘာစီလိုနာအကယ်ဒမီထွက်ကစားသမားဖြစ်ပြီး ယူနိုက်တက်ကိုရောက်ရှိခဲ့ပေမယ့်လည်း အသင်းဟောင်းရဲ့ ပြန်လည်ခေါ်ယူခြင်းကို ခံယူခဲ့ရပါတယ်။ နူးကမ့်မှာ ဒုတိယအကြိမ်မြောက် ကစားချိန်မှာတော့ သူက ကမ္ဘာ့အဆင့်နောက်ခံလူတဦးအဖြစ် ပြောင်းလဲသွားခဲ့ပြီး နှစ်ကာလရှည်ကစားပေးနိုင်ခဲ့ကာ အခုအခါမှာ အသင်းရဲ့စီနီယာအကျဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။