ဇာဗီကတော့ ဘာစီလိုနာရဲ့ အဓိကပြဿနာကို ဝန်ခံလာတာပါ။

ဘာစီလိုနာ နည်းပြ ဇာဗီက သူ့အသင်းမှာ စိတ်ပိုင်းဆိုင်ရာအရ ပြဿနာရှိနေတယ်လို့ ဝန်ခံ ပြောကြားလိုက်ပါတယ်။ ဇာဗီဟာ ဘာစီလိုနာကို ကိုင်တွယ်တာ မကြာသေးဘဲ လက်ရှိ အချိန်အထိ အသင်းကို ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်နေရဆဲပါ။



ဒါပေမယ့် နည်းပြဟောင်း ရော်နယ်ကိုးမန်းလက်ထက်က အရှုပ်ထုပ်တွေကို လက်ရှိအချိန်အထိ ဇာဗီတယောက် ဖြေရှင်းနိုင်ခြင်းမရှိသေးဘဲ အခုချိန်မှာတော့ သူ့အသင်းမှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာရှိနေတယ်လို့ ပြောကြားလာခဲ့ပါတယ်။

ဘာစီလိုနာဟာ လာလီဂါမှာ အမှတ်ပေးဇယားထိပ်ဆုံးက ရီးရဲယ်မက်ဒရစ်နဲ့ (၁၆) မှတ်အထိ ပြတ်နေသလို ချန်ပီယံလိဂ်မှာလည်း အုပ်စုအဆင့်ကနေ ယူရိုပါလိဂ်ကို ရောက်ရှိသွားခဲ့ပါပြီ။ ဒီလိုအချိန်မျိုးမှာ ဇာဗီက “ဘောလုံးဆိုတာထက် ပိုတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာကို ကျနော်တို့ ရင်ဆိုင်နေရတာပါ”

“ကစားသမားတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိဖို့ လိုအပ်ပြီး ဒီလိုဖြစ်အောင်လည်း ကျနော်က လုပ်ပေးရမှာပါ။ ကျနော်တို့ နည်းပြအဖွဲ့က သူတို့ကို စိတ်အားထက်သန်မှုရှိလာအောင်၊ ရဲရင့်လာအောင် တွန်းအားပေးနေပါတယ်”

“ဘာစီလိုနာအတွက် တကယ်ပွဲကစားတဲ့အခါ (၁၀) မှာ (၆) ဒါမှမဟုတ် (၇) လောက်ပဲ ရအောင် ကစားနေလို့မရပါဘူး။ အကောင်းဆုံးအတွက်ပဲ ပစ်မှတ်ထားရတာပါ။ ဒါ အခုလက်ရှိအသင်းမှာ လိုအပ်နေတဲ့အရာပါ”

“စိတ်အားထက်သန်မှု၊ ရည်မှန်းချက်မြင့်မားမှုတို့ပေါ့။ အခု ပုံစံက ဘာစီလိုနာပုံစံမဟုတ်ပါဘူး။ ရဲရဲရင့်ရင့်နဲ့ ပွဲကို ကောင်းကောင်းနားလည်အောင်လုပ်ရမှာပါ။ ကျနော်တို့ လိုချင်နေတဲ့ပုံစံနဲ့လည်း သိပ်မဝေးတော့ပါဘူး။ လက်ရှိလူစာရင်းက ဆုဖလားတွေကို စိန်ခေါ်နိုင်တဲ့၊ ပိုင်ဆိုင်နိုင်တဲ့ အဆင့်အတန်းမျိုးရှိပါတယ်။ ဘိုင်ယန်နဲ့ပွဲမှာတော့ ကျနော်တို့ စိတ်ပိုင်းဆိုင်ရာပြဿနာရှိခဲ့ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က