ဘလွန်းဒီအော်စုစုပေါင်းရမှတ်မှာ ရော်နယ်ဒိုက မက်ဆီထက် သာလွန်နေဆဲလည်းဖြစ်ပါတယ်။

ယူနိုက်တက်ကစားသမား ရော်နယ်ဒိုဟာ ဘလွန်းဒီအော်ဆုရရှိမှု အကြိမ်အရေအတွက်မှာ မက်ဆီထက် (၂) ကြိမ် နောက်ကောက်ကျသွားခဲ့ပေမယ့် ဆုပေးပွဲသမိုင်းတလျှောက်မှာ မက်ဆီကို ကျော်လွန်ပြီး ရမှတ်အများဆုံးရရှိထားတဲ့ ကစားသမားဖြစ်နေဆဲလို့ သိရှိရပါတယ်။



တနင်္လာညက ကျင်းပခဲ့တဲ့ (၂၀၂၁) ဘလွန်းဒီအော်ဆုပေးပွဲ အခမ်းအနားကို ရော်နယ်ဒို မတက်ရောက်ခဲ့သလို ရသင့်ရထိုက်ပါတယ်လို့ ပရိသတ်တွေ မှတ်ချက်ပြုနေတဲ့ လီဝန်ဒေါစကီးကလည်း မဲရလဒ်မှာ မက်ဆီထက် လျော့နည်းခဲ့တာကြောင့် မက်ဆီကသာ ဒီဆုကို ထပ်မံ သိမ်းပိုက်ရရှိသွားခဲ့တာပါ။

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ (၂၀၁၇) မှာ ဘလွန်းဒီအော်ဆုကို နောက်ဆုံး ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပြီး အဲ့ဒီနောက်ပိုင်းမှာတော့ ဒီဆုနဲ့ ဝေးကွာနေခဲ့ရပါတယ်။ ဘလွန်းဒီအော်ဆုကို ကမကထလုပ် ချီးမြှင့်တဲ့ France Football ရဲ့ အကြီးအကဲ ပါစကယ်လ်က ရော်နယ်ဒိုဟာ ကစားသမားဘဝက အနားမယူခင် မက်ဆီထက် ဘလွန်းဒီအော် အရေအတွက် ပိုမိုရယူဖို့ ဆန္ဒရှိနေတယ်လို့ ပြောကြားခဲ့ပေမယ့် ရော်နယ်ဒိုကတော့ ဒီစကားတွေကို ငြင်းဆန်ခဲ့ပါတယ်။

လက်ရှိထွက်ပေါ်လာတဲ့သတင်းတွေအရတော့ ဘလွန်းဒီအော်ဆုကို (၅) ကြိမ်သာရရှိထားတဲ့ ရော်နယ်ဒိုက ဒီဆုအတွက် ရမှတ်ပေါင်း (၃,၇၈၁) မှတ်ရရှိထားပြီး အဓိကပြိုင်ဘက် မက်ဆီထက် ရမှတ် (၂၀၀) ကျော် အသာရထားတယ်လို့ မှတ်တမ်းတွေက ဖော်ပြနေတာပါ။

မက်ဆီဟာ ဘလွန်းဒီအော်ဆုအတွက် စုစုပေါင်းရမှတ် (၃,၅၇၄) မှတ်သာရရှိထားတာဖြစ်ပြီး ဘလွန်းဒီအော်ဆု အရေအတွက်မှာ အသာရထားသည့်တိုင် စုစုပေါင်း ရမှတ်မှာတော့ ရော်နယ်ဒိုကို လိုက်မမှီနိုင်သေးတာလည်းဖြစ်ပါတယ်။

ဒီနှစ် ဘလွန်းဒီအော်ဆုအနေအထားမှာတော့ ရော်နယ်ဒိုက နောက်ဆုံး (၁၁) နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ထိပ်ဆုံး (၃) ယောက်စာရင်းပြင်ပကို ရောက်ရှိသွားခဲ့ပြီး ရမှတ် (၁၇၈) မှတ်သာရရှိခဲ့ကာ မက်ဆီက ရမှတ် (၆၁၃) မှတ်အထိ ရရှိခဲ့တာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က