အင်အားအသင့်အတင့်ရှိ ငလျင်တစ်ခုနဲ့ နောက်ဆက်တွဲငလျင်တစ်ခု လှုပ်ခတ်ခဲ့ပါတယ်

COVID-19 ကြောင့် ရပ်နားထားခဲ့ရတဲ့ ခရီးသွားလုပ်ငန်းတွေ ပြန်စနေပြီဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ယနေ့ (အောက်တိုဘာ ၁၆ ရက်) မနက်အစောပိုင်းက အင်အားအသင့်အတင့်ရှိ ငလျင်တစ်ခုနဲ့ နောက်ဆက်တွဲငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ လူသုံးဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

ငလျင်ဟာ ယနေ့ အာရုဏ်မတက်မီ လှုပ်ခတ်ခဲ့တာဖြစ်ပြီး ဒေသခံများ အိမ်အပြင်ဘက်သို့ ကြောက်လန့်တကြား ထွက်ပြေးခဲ့ကြပါတယ်။ US Geological Survey က ဖော်ပြမှုအရ ပထမဆုံး လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ အင်အား ရစ်ချ်တာစကေး ၄.၈ ရှိခဲ့ပြီး ဘာလီကျွန်းရှိ ဆိပ်ကမ်းမြို့တစ်မြို့ဖြစ်တဲ့ Singaraja မြို့မှ ၃၈ မိုင်အကွာမှာ ဗဟိုပြုခဲ့တယ်လို့ ဆိုပါတယ်။



(Photo: AFP)

ငလျင်ဟာ မြေအောက်အနက် ၆ မိုင်ခန့်မှာ လှုပ်ခတ်ခဲ့ခြင်းဖြစ်ရာ ထိခိုက်ပျက်စီးမှုများနိုင်တယ်လို့ ဆိုပါတယ်။ ထိုငလျင်လှုပ်ပြီးနောက် ရစ်ချ်တာစကေး ၄.၃ အဆင့်ရှိ နောက်ဆက်တွဲငလျင်တစ်ခုလည်း ထပ်လှုပ်ခဲ့ပါတယ်။ ဘာလီကျွန်းမှ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးဌာန အကြီးအကဲ Gede Darmada က ငလျင်ကြောင့် အပျက်အစီးနဲ့ သေဆုံးဒဏ်ရာရမှု အခြေအနေတွေကို သတင်းအချက်အလက် စုဆောင်းနေဆဲဖြစ်ကြောင်း ပြောပါတယ်။

ယနေ့ ငလျင်လှုပ်မှုကြောင့် ဘာလီကျွန်းရှိ တောင်တန်းဒေသတစ်ခုမှာ မြေပြိုမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူနှစ်ဦး သေဆုံးပြီး ကျေးရွာသုံးခုထက်မနည်းသို့ သွားရောက်ရန်လမ်းများ ပိတ်ဆို့သွားခဲ့ပါတယ်။ ငလျင်ဗဟိုချက်နေရာနဲ့ အနီးဆုံးဖြစ်တဲ့ Karangasem ဒေသမှာ နေအိမ်များနဲ့ ဘုရားကျောင်းများ ပြိုကျခဲ့ပြီး အသက်သုံးနှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပြုတ်ကျလာတဲ့ အပျက်အစီးနဲ့ထိမှန်မှုကြောင့် သေဆုံးခဲ့တယ်လို့ Gede Darmada က ပြောပါတယ်။

(Photo: AFP)

ငလျင်ကြောင့် ခရီးသွားတွေကြား ရှုခင်းကြည့်နေရာတွေအဖြစ် ကျော်ကြားတဲ့ Trunyan နဲ့ Kintamani ကျေးရွာတွေမှာ လူနေအိမ်နဲ့ အစိုးရအဆောက်အအုံများ ပျက်စီးမှုရှိခဲ့ပါတယ်။ မွတ်စလင်မ်နိုင်ငံရှိ ဘာလီကျွန်းမှာ လူဦးရေ ၄ သန်းကျော် နေထိုင်ကြပြီး အများစုဟာ ဟိန္ဒူများဖြစ်ပါတယ်။ ဘာလီကျွန်းဟာ ဘုရားကျောင်းများ၊ မီးတောင်များနဲ့ လှပတဲ့ သဲဖြူကျွန်းများရှိတာကြောင့် ကမ္ဘာတစ်ဝန်းမှ ခရီးသွားတွေ လာရောက်လည်ပတ်မှုများပြီး ထင်ရှားကျော်ကြားပါတယ်။

COVID-19 ကပ်ရောဂါ ကူးစက်မှုတွေကြောင့် ဘာလီကျွန်းကို နိုင်ငံတကာမှ ခရီးသွားများ လာရောက်လည်ပတ်မှု တစ်နှစ်ကျော်ကြာ ပိတ်ထားခဲ့ရပြီးနောက် ကြာသပတေးနေ့ (အောက်တိုဘာ ၁၄ ရက်) မှာ ပြန်ဖွင့်ခဲ့တာလည်း ဖြစ်ပါတယ်။ လူဦးရေ သန်း ၂၇၀ ရှိတဲ့ အင်ဒိုနီးရှားဟာ ပစိဖိတ်မီးကွင်းနေရာမှာ တည်ရှိနေပြီး ငလျင်လှုပ်မှု၊ မီးတောင်ပေါက်ကွဲမှုနဲ့ ဆူနာမီရေလှိုင်းတက်ရောက်မှုတွေ မကြာခဏ ဖြစ်ပေါ်လေ့ရှိပါတယ်။

Ref: AFP

Share

Loading Next Article...
က္က