ဖောက်ပြန်ခံရတဲ့အခါ ခံရသူဘက်ကဘာကြောင့်လဲဆိုတဲ့မေးခွန်းကိုအထပ်ထပ်တွေးနေမိတတ်ပါတယ်။

' ဘာကြောင့်လဲ'

ဒီမေးခွန်းဟာ ကိုယ့်ရဲ့လက်တွဲဖော်က ကိုယ့်ကို သစ္စာဖျက်သွားတာခံရသူတိုင်းရဲ့ စိတ်ထဲမှာ အရင်ဆုံး ပေါ်လာတတ်တဲ့ မေးခွန်းပါပဲ။ ဒေါသတွေ၊ စိတ်မလုံခြုံမှုတွေ၊ ဝမ်းနည်းကြေကွဲမှုတွေ၊ စိတ်ပျက်အားငယ်မှုတွေ ကိုခံစားနေရရင်းနဲ့ပဲ ဒီမေးခွန်းကို ခေါင်းထဲမှာ အထပ်ထပ်၊ အခါခါတွေးနေမိတတ်ပါတယ်။ ဒီမေးခွန်းရဲ့ အဖြေက ဘာများဖြစ်မလဲ။ အတူတူ လေ့လာကြည့်လိုက်ကြရအောင်။



Photo: playbook

ခံစားချက်တွေ အေးခဲလာခြင်း

Relationship တစ်ခုမှာ အချိန်ကြာလာတဲ့အခါ တစ်ယောက်အကြောင်း၊တစ်ယောက်အကုန်သိလာကြပြီး ဘာဆိုဘာမှ အသစ်အဆန်းမရှိနိုင်တော့ပါဘူး။ ဒီလိုအခြေအနေမှာ တစ်ယောက်နဲ့တစ်ယောက် ခံစားချက်တွေ အေးခဲလာတတ်ပြီး အရင်လို အတူတူမရယ်မောဖြစ်တော့တာ၊ စကားတွေ မပြောဖြစ်တော့တာမျိုးတွေ ဖြစ်လာတတ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ငြီးငွေ့လွယ်ပြီး အချစ်ကိုလည်း တန်ဖိုးမထားတတ်တဲ့သူတွေက ဆက်ဆံရေး ပြန်လည်နွေးထွေးလာဖို့ ကြိုးစားရမယ့်အစား အသစ်အဆန်းရှာဖို့ပဲ စိတ်အားထက်သန်ရာကနေ ဖောက်ပြန်တဲ့ဆီကို ဦးတည်သွားနိုင်ပါတယ်။

သူ..ငါ့ကို မချစ်တော့ဘူး လို့ ခံစားလာရခြင်း

အိမ်ထောင်သက်၊ ဒါမှမဟုတ် ချစ်သူသက်တမ်းကြာလာတဲ့အခါ 'ချစ်တယ်' ဆိုတဲ့စကားကို တစ်ယောက်နဲ့ တစ်ယောက် အရင်လောက် မပြောဖြစ်ကြတော့ပါဘူး။ စကားနဲ့မဟုတ်ဘဲ ချစ်ခင်ကြင်နာတဲ့ အပြုအမူတွေ၊ အမူအရာတွေလည်း အရင်လောက် မပြဖြစ်တော့ရာကနေ အားငယ်တတ်တဲ့သူတွေဟာ ကိုယ့်ရဲ့လက်တွဲဖော်က ကိုယ့်အပေါ် အရင်လို မချစ်တော့ဘူး လို့ခံစားလာရတတ်ပါတယ်။ ဒီကနေတဆင့် ကိုယ့်အပေါ်နားလည်နိုင်မယ့်၊ ကိုယ့်ကိုဂရုစိုက်မယ့် တခြားတစ်ယောက်ယောက်နဲ့ တွေ့သွားရာက သစ္စာဖျက်သွားတဲ့သူမျိုးတွေလည်း ရှိပါတယ်။

Photo: bay area

မောင်တစ်ထမ်း၊ မယ်တစ်ရွက် မရှိခြင်း

Relationship တစ်ခုမှာ ယောက်ျားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် တာဝန်တွေအားလုံးကို ကိုယ် တစ်ယောက်တည်း ထမ်းထားရတယ်လို့ ခံစားလာရရင်လည်း လက်ရှိ Relationship ကို စိတ်ကုန် လာ တတ်ပါတယ်။ ဒါက မိသားစုအတွက် ငွေရှာတာတစ်ခုတည်းနဲ့ဆိုင်တာ မဟုတ်ပါဘူး။ အိမ်ထောင်တစ်ခုမှာ ခင်ပွန်းဖြစ်သူက ငွေရှာတဲ့အလုပ်တစ်ခုပဲလုပ်ပြီး တခြားမိသားစုကိစ္စ ဘာတစ်ခုမှတာဝန်ယူမှု မရှိဘူးဆိုရင်လည်း ဇနီးဖြစ်သူက အိမ်နဲ့ပတ်သက်သမျှတာဝန်တွေအကုန် သူတစ်ယောက်တည်းထမ်းထားရတယ်လို့ ခံစားလာရပြီး စိတ်ကုန်လာတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အပေးအယူမျှမျှနဲ့ အရာရာတိုင်းကို မောင်တစ်ထမ်း၊မယ်တစ်ရွက် ဆောင်ရွက်မှသာ ကိုယ့်အိမ်ထောင်၊ ကိုယ့် Relationship အပေါ် စိတ်ကုန်၊ စိတ်ပျက်တာမျိုးတွေ မရှိလာမှာ ဖြစ်ပါတယ်။

တာဝန်ယူရဲတဲ့စိတ် မရှိခြင်း

ချစ်တတ်တဲ့ နှလုံးသားရှိပေမဲ့ တာဝန်ယူရဲတဲ့ သတ္တိမရှိတဲ့ သူတွေဟာလည်း ဘဝကို တကယ်လက်တွေ့ ရင်ဆိုင်ရတော့မယ်ဆိုတဲ့ အချိန်မှာ သွေးကြောင်ပြီး ထွက်ပြေးသွားတတ်ကြပါတယ်။ မိသားစုတစ်ခုရဲ့ တာဝန်ကို တကယ်တမ်းယူကြရပြီဆိုတဲ့ အချိန်မှာ လူပျို၊ အပျိုတုန်းကလို မလွတ်လပ်တော့ဘဲ ဖိစီးမှုတွေနဲ့ နဖူးတွေ့၊ ဒူးတွေ့ရင်ဆိုင်ကြရတာ သဘာဝပါပဲ။ အဲဒီလို ရင်ဆိုင်ကြရတဲ့အခါ တာဝန်ယူရဲတဲ့ သတ္တိမရှိသူတွေဟာ ကိုယ့်ရဲ့လက်တွဲဖော်ကို စွန့်ခွာ ထွက်ပြေးသွားတတ်ကြပါတယ်။

Photo: recovery ranch

အငုံ့စိတ်က အနိုင်ယူသွားခြင်း

ကိုယ့်ကိုယ့်ကိုယ် ယုံကြည်မှုအားနည်းပြီး အတ္တကြီးသူတွေဟာ ကိုယ့်ရဲ့လက်တွဲဖော်က ကိုယ့်ကို ဘယ်တော့ ထားသွားမလဲလို့ အမြဲတွေးကြောက်နေတတ်ကြပြီး နေရာတကာ သံသယတွေလည်းများတတ်ပါတယ်။ အဲဒီလို စိတ်တွေနဲ့ အနေကြာလာပြီး အငုံ့စိတ်က အချစ်နဲ့ သံယောဇဉ်ကို အနိုင်ရသွားတဲ့အခါ သူမထားခဲ့ခင် ငါက အရင်ထားခဲ့မယ်ဆိုပြီး သစ္စာဖျက်သွားတတ်ပါတယ်။

တဏှာကြီးခြင်း

တဏှာရာဂ အားကြီးလွန်းတဲ့သူတွေကတော့ ဘယ်လိုလက်တွဲဖော်မျိုးကိုပဲ ပိုင်ဆိုင်ခွင့်ရသည်ဖြစ်စေ ဘယ်တော့မှ ကျေနပ်နိုင်တယ်ရယ်လို့ ရှိမှာမဟုတ်ပါဘူး။ သူတို့ဟာ သူတို့ရဲ့ " သောက်လေ၊သောက်လေ ငတ်မပြေ" ဆန္ဒတွေနောက်ကို အဆုံးမရှိအောင် လိုက်တတ်ကြလို့ အချိန်မရွေး ဖောက်ပြန်သွားနိုင်ကြပါတယ်။


Ref: relate.org.uk


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က