ယူနိုက်တက်ဂိုးသမား အိုနာနာဟာ သူ့ရဲ့ ပရီးမီးယားလိဂ် ပွဲဦးထွက် ဝုလ်ဗ်နဲ့ပွဲရဲ့ ပွဲကစားချိန် နောက်ဆုံးမိနစ်မှာ ဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်က ပင်နယ်တီမဟုတ်ကြောင်း ယုံကြည်မှုရှိရှိ ပြောကြားခဲ့ပါတယ်။ အဆိုပါပွဲမှာ ယူနိုက်တက်တို့ ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။
ပွဲကစားချိန် (၇၆) မိနစ်မှ အနိုင်ဂိုးရရှိခဲ့တဲ့ ယူနိုက်တက်တို့ ပွဲပြီးခါနီးမှာ ပင်နယ်တီပြန်ပေးရမလိုဖြစ်ခဲ့ပါတယ်။ လေထဲက ဘောလုံးကိုကာကွယ်ဖို့အလုပ်မှာ အိုနာနာက ပြိုင်ဘက်တိုက်စစ်မှူး ကာလာဇစ်ကို ဝင်ဆောင့်မိခဲ့တာဖြစ်ပါတယ်။
ဒီဖြစ်ရပ်ကို ပင်နယ်တီအဖြစ် မသတ်မှတ်ဖို့ VAR က ဆုံးဖြတ်ခဲ့ပြီး ဝေဖန်သံတွေလည်း ဆူညံခဲ့ပါတယ်။ အခုချိန်မှာတော့ ယူနိုက်တက်နဲ့ ဝုလ်ဗ်ပွဲကို ကိုင်တွယ်ခဲ့တဲ့ ဒိုင်လူကြီးအဖွဲ့တွေကို လာမယ့်အပတ် ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ တာဝန်ပေးအပ်ခြင်းမရှိဘဲ အနားပေးခဲ့ပါတယ်။
ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ အိုနာနာက “ဂိုးသမားတွေဆိုတာက ဆုံးဖြတ်ချက်ချရပါတယ်။ တစ်ခါတလေ မှန်မယ်၊ တစ်ခါတလေ မှားမှာပေါ့။ ကျွန်တော်က ဆုံးဖြတ်ချက်ချရပြီး အရာအားလုံးက ကျွန်တော့်တာဝန်ပါ။ ကျွန်တော့်အတွက်တော့ ဒီဖြစ်ရပ်က လူကောင်ကြီးတဲ့သူနှစ်ယောက် ဝင်တိုက်မိတာပဲရှိတာပါ။ ကျွန်တော် အေးဆေးပဲရှိပြီး ဘာမှမဖြစ်ခဲ့ပါဘူး”
“ဒါက ပင်နယ်တီမဟုတ်ဘူးဆိုတာ သေချာတာပေါ့။ ဒီအတွက်လည်း ကျွန်တော် ယုံကြည်ချက်ရှိခဲ့ပါတယ်” လို့ ခိုင်ခိုင်မာမာ ပြောကြားသွားခဲ့ပါတယ်။ အိုနာနာဟာ ဒီပွဲမှာ အသင်းချေပဂိုးမပေးရဖို့ အရေးပါတဲ့ ကာကွယ်မှုတွေကိုလည်း ပြုလုပ်နိုင်ခဲ့ပြီး ယူနိုက်တက် ကစားသမားဘဝ ပထမဆုံး ပရီးမီးယားလိဂ်ပွဲ၊ ပထမဆုံး အိမ်ကွင်းပွဲမှာ Clean Sheet ရယူနိုင်ခဲ့ပါတယ်။