ပေါ်တူဂီကွင်းလယ်လူနီဗက်စ်က သူတို့အသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ အကောင်းဆုံးပုံစံမှာရှိနေတယ်လို့ ပြောဆိုလိုက်ပါတယ်။ ကြာသပတေးနေ့မှာ ဂါနာနဲ့ အုပ်စုအဖွင့်ပွဲအတွက် ပေါ်တူဂီက ပြင်ဆင်နေတာဖြစ်ပြီး ရော်နယ်ဒိုက အသင့်အနေအထားမှာရှိနေတယ်လို့ ပြောဆိုခဲ့တာဖြစ်ပြီး ဘာမှစိတ်ပူစိုးရိမ်နေစရာမရှိဘူးလို့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒိုဟာ ပေါ်တူဂီကို ဦးဆောင်ကစားပေးရမှာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းမှာ ခြေစွမ်းမပြနိုင်တာ၊ လတ်တလောအင်တာဗျူးကိစ္စကြောင့် ဖိအားတွေရှိနေသူဖြစ်ပါတယ်။ ဒါပေမယ့် ရော်နယ်ဒိုက ပေါ်တူဂီအသင်းလေ့ကျင့်ရေးကွင်းမှာ ပေါ့ပေါ့ပါးပါးပုံစံနဲ့သာရှိနေပြီး ကမ္ဘာ့ဖလားကိုသာ အပြည့်အ၀အာရုံစိုက်နေပါတယ်။
နီဗက်စ်က "လေ့ကျင့်ကွင်းမှာ မြင်ရတာကတော့ သူ့ကို အကောင်းဆုံးပုံစံအနေအထားနဲ့ပါပဲ၊ ကျနော်တို့ကို ဘာအတွက်နဲ့မှ စိတ်ပူစရာမျိုးမရှိစေပါဘူး၊ အသင်းတသင်းအနေနဲ့ ကျနော်တို့ ဘာလုပ်ဆောင်ရမလဲဆိုတာကို ကောင်းကောင်းသိပြီးသားပါ၊ တဦးချင်းစီကလည်း ပွဲကစားချိန်မှာ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်သွားမှာပါ"
"ကျနော်တို့သာ အသင်းကောင်းတသင်းပုံစံရှိနေခဲ့မယ်ဆိုရင် ခရစ္စတီယာနိုကလည်း အံ့မခန်းဖြစ်လာပါလိမ့်မယ်" လို့ ပြောဆိုခဲ့ပါတယ်။ ရော်နယ်ဒိုရဲ့ အင်တာဗျူးနဲ့ပတ်သက်ပြီးတော့လည်း "ဒီအကြောင်းကို မပြောဘဲရှိနေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး၊ ဒါပေမယ့် အဝတ်လဲခန်းထဲမှာ ကျနော်တို့ကြား အငြင်းပွားစရာ ဘာမှမရှိပါဘူး" လို့ သူက ထပ်ပြောခဲ့ပါတယ်။
ရော်နယ်ဒိုဟာ နိုင်ဂျီးရီးယားနဲ့ကစားခဲ့တဲ့ ခြေစမ်းပွဲကို အစာအိမ်ပြသနာကြောင့် လွဲချော်ခဲ့ရပါသေးတယ်။ အသင်းနဲ့အတူ လေ့ကျင့်မှုလည်းမလုပ်ခဲ့နိုင်ဘဲ လက်ရှိမှာတော့ ပုံမှန်အတိုင်းလေ့ကျင့်နေပြီဖြစ်ကာ ဂါနာနဲ့ပွဲကို အသင်းခေါင်းဆောင်အဖြစ်နဲ့ ပွဲထွက်ကစားမယ်လို့သိရပါတယ်။ ပေါ်တူဂီဟာ အုပ်စုတွင်းမှာ ဂါနာ၊ ဥရုဂွေး၊ တောင်ကိုရီးယားတို့နဲ့အတူ ကျရောက်နေပါတယ်။
CLEAR Filter ဘောလုံးဂိမ်းကစားပြီး Limited Edition CR7 Signed Golden Bottle ဆုလက်ဆောင်ရယူနိုင်ပါပြီ။ ရော်နယ်ဒိုလို ကျွမ်းကျင်မှုမျိုးပြသပြီး သူ့လက်မှတ်ပါဝင်တဲ့ ဆုလက်ဆောင်ရမယ့် အခွင့်အရေးနော်။ ဂိမ်းကို ပါဝင်ဆော့ကစားဖို့အတွက် ဒီလင့်ခ်လေးကို နှိပ်ပြီး ဝင်ကစားရုံပါပဲ။