အင်္ဂလန်ချန်ပီယံရှစ်ကလပ် ဘာမင်ဂမ်စီးတီးရဲ့ နည်းပြသစ်အဖြစ် တာဝန်ယူတော့မယ့် ဝိန်းရွန်နီက အသင်းကို ပရီးမီးယားလိဂ်ဆီ တန်းတက်ကစားနိုင်အောင် လုပ်ပေးသွားမယ်လို့ ပြောဆိုလိုက်ပါတယ်။ ရွန်နီဟာ ပြီးခဲ့တဲ့ရက်ပိုင်းကမှ ဒီစီယူနိုက်တက်နဲ့ လမ်းခွဲပြီး ဘာမင်ဂမ်နည်းပြသစ်ဖြစ်လာကာ ၃ နှစ်ခွဲ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။
ဘာမင်ဂမ်ဟာ ဒီရာသီချန်ပီယံရှစ်မှာ အဆင့် ၆ နေရာ ရပ်တည်နေတာပါ။ နည်းပြဟောင်း ယူစတက်စ်ကို ရာထူးက ထုတ်ပယ်ပြီးနောက် ရွန်နီကို ခေါ်ယူခဲ့တာဖြစ်ပြီး အင်္ဂလန်တိုက်စစ်မှူးဟောင်းလက်ထက်မှာ ဘာမင်ဂမ်တို့ ဘယ်လိုတွေ တိုးတက်ပြောင်းလဲလာမလဲဆိုတာ စောင့်ကြည့်ရပါတော့မယ်။
ရွန်နီက "ကျနော်တို့မှာ မျှော်မှန်းချက်တွေနဲ့ ပစ်မှတ်တွေရှိပါတယ်၊ အနိုင်ရဖို့က အမြဲတမ်းအရေးကြီးပါတယ်၊ ပရီးမီးယားလိဂ်မှာ ကစားခွင့်ရဖို့က ကျနော်တို့ရဲ့ စီမံကိန်းပါပဲ၊ ဒီပစ်မှတ်ကို ဖြစ်မြောက်အောင်လုပ်ဖို့အတွက် ကျနော် ဒီအသင်းကို ရောက်လာခဲ့တာပါ" လို့ ပြောဆိုခဲ့ပါတယ်။
ဘာမင်ဂမ်ကတော့ နိုင်ငံတကာပွဲတွေအပြီးမှာ မစ်ဒယ်ဘရော့နဲ့ ကစားရမှာဖြစ်ပြီး ရွန်နီအတွက်တော့ ယူနိုက်တက်အသင်းဖော်ဟောင်း မိုက်ကယ်ကာရစ်နဲ့ ပြန်လည်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ကာရစ်ရဲ့ မစ်ဒယ်ဘရော့ကလည်း ရာသီအစမှာ ရလဒ်ဆိုးခဲ့ပေမယ့် လက်ရှိမှာ နိုင်ပွဲတွေ ဆက်တိုက်ရရှိနေပြီး ပုံမှန်ခြေစွမ်းပြသနေလို့ ရွန်နီအတွက် ဒီပွဲက စမ်းသပ်မှုတခုဖြစ်လာမှာပါ။