ချဲလ်ဆီးနောက်ခံလူသစ် ကူကူရယ်လာက သူ့ရဲ့ဆံပင်ကို ညှပ်သွားမှာမဟုတ်တဲ့အကြောင်း၊ ဒါက သူ့ရဲ့ စတိုင်တမျိုးဖြစ်ကြောင်း တုံ့ပြန်လာခဲ့ပါတယ်။ ချဲလ်ဆီးနဲ့စပါးတို့ တဖက်နှစ်ဂိုးစီ သရေကျခဲ့တဲ့ လန်ဒန်ဒါဘီပွဲမှာ ကူကူရယ်လာကို စပါးနောက်ခံလူ ရိုမာရိုးက ဆံပင်ဆွဲခဲ့တာပါ။
ပွဲကစားချိန် နောက်ဆုံးမိနစ်မှာ ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်ရပ်အတွက် ကွင်းလယ်ဒိုင် အန်သိုနီတေလာရော၊ VAR ဒိုင်လူကြီး မိုက်ဒင်းရောက တစုံတရာအရေးယူခဲ့ခြင်းမရှိပါဘူး။ ကူကူရယ်လာ ဆံပင်ဆွဲခံရပြီးနောက် ပွဲကို ပြန်လည်စတင်ချိန်၊ စပါးဘက်က ထောင့်ကန်ဘောကန်တင်ချိန်မှာတော့ ဟယ်ရီကိန်းက အဖိုးတန်ချေပဂိုးတဂိုးကို ခေါင်းတိုက်သွင်းယူသွားခဲ့ပါတယ်။
ကူကူရယ်လာကို ဆံပင်ဆွဲတဲ့အပေါ် တစုံတရာအရေးယူမှုမရှိဘဲ ဂိုးပါပေးလိုက်ရတဲ့အတွက် နည်းပြ တူဟယ်လ် အပါအဝင် ချဲလ်ဆီးပရိသတ်တွေကလည်း ဒေါသထွက်နေပါတယ်။ ဒီလိုမျိုး ဆံပင်ဆွဲခံရတာက နာကျင်ခဲ့ပေမယ့် သူ့အနေနဲ့ ဆံပင်ညှပ်သွားမှာမဟုတ်တဲ့အကြောင်း ကူကူရယ်လာက အခုလိုပဲ ပြောပါတယ်။
ကူကူရယ်လာက “နိုး၊ ကျနော် ဘယ်တော့မှ ဒီဆံပင်ကို ညှပ်မှာမဟုတ်ပါဘူး။ ဒါက ကျနော့်ရဲ့စတိုင်ပါ။ အခုဆို ဆံပင်ဆွဲခံရတာ ထူးလည်း ထူးဆန်းပါတယ်ဗျာ။ ကျနော့်ဘဝတသက်မှာ တခါလားပဲ ဒါမျိုးကြုံဖူးတယ်။ ကျနော် တော်တော်ငယ်သေးတဲ့အချိန်ကပေါ့။ အကယ်ဒမီ ယူ-၁၂ အသင်းမှာ ကစားနေတာဖြစ်လိမ့်မယ်”
“ဒါပေမယ့် အဲ့ဒီနောက်ပိုင်း ကျနော် ဒါမျိုးမကြုံရတော့ပါဘူး။ ဖြစ်သွားတဲ့ဖြစ်ရပ်ကြီးက အရမ်းရှင်းပါတယ်။ ဒိုင်လူကြီးတွေက အနီကတ်တွေ စစ်ဆေးနေပြီးတော့မှ ဘာဖြစ်သွားကြလဲမသိပါဘူး။ ကျနော့်အတွက်တော့ ခြေထောက်ကိုပဲကန်ကန်၊ ဆံပင်ကိုပဲဆွဲဆွဲ ဒါက အတူတူပါပဲ။ ဒါပေမယ့် ဒိုင်လူကြီးက ဒါကို နားမလည်ခဲ့ပါဘူး။ ဒါက ကွင်းထဲက ဖြစ်ရပ်တခုပဲမို့လို့ ကျနော်နဲ့ ရိုမားရိုးအကြားမှာတော့ ဘာပြဿနာမှမရှိပါဘူး” လို့ ပြောကြားခဲ့ပါတယ်။