ဂါရတ်ဘေးလ်ကတော့ အငြင်းပွားချင်စရာလုပ်ရပ်တွေကို ထပ်မံပြီးတော့ လုပ်ဆောင်လိုက်ပြန်ပါပြီ။ အက်စ်ပန်ညိုနဲ့ပွဲမှာ ရီးရဲလ်က အနိုင်ရပြီး လာလီဂါအမှတ်ပေးဖလားကို ဆွတ်ခူးခဲ့ပေမယ့်လည်း အဆိုပါပွဲအပြီး အောင်ပွဲခံမှုတွေမှာတော့ ဘေးလ်တယောက် အသင်းနဲ့အတူ ရှိမနေခဲ့လို့ ဝိုင်းဝန်းအပြစ်တင်မှုတွေကို ရင်ဆိုင်နေရပြီဖြစ်ပါတယ်။
ဘေးလ်ဟာ အသင်းလူစာရင်းကနေလည်း နောက်ကျောဒဏ်ရာအကြောင်းပြပြီးတော့ နှုတ်ထွက်ခဲ့သလို အောင်ပွဲခံဖို့အတွက်လည်း ရောက်မလာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အခြားသော ဒဏ်ရာရ/ ပွဲပယ်ခံထားရတဲ့ ကစားသမားတွေက အသင်းနဲ့လာပူးပေါင်းခဲ့ပြီး ဘေးလ်ကတော့ လုံး၀ကိုရောက်ရှိမလာခဲ့တာဖြစ်ပါတယ်။
စပိန်ဂျာနယ်လစ်တဦးဖြစ်တဲ့ လူးကပ်စ်နာဗာရက်တီကတော့ "ဒဏ်ရာရနဲ့ ပွဲပယ်ခံထားရတဲ့ ကစားသမားတွေအားလုံး အသင်းနဲ့ပူးပေါင်းခဲ့ပါတယ်၊ ဒါပေမယ့် ဂါရတ်ဘေးလ်တော့ မပါဝင်ခဲ့ပါဘူး" လို့ အတည်ပြုပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် မက်ဒရစ်မြို့လယ်ခေါင်မှာ အမိုးဖွင့်ကားနဲ့အတူ အသင်းလှည့်လည်အောင်ပွဲခံရာမှာတော့ ဘေးလ်က လာသလား၊ မလာဘူးလားဆိုတာကတော့ မရှင်းမလင်းဖြစ်နေပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းပရိသတ်တွေကတော့ ဘာနေဗျူးမှာ ဘေးလ်ကို မမြင်တွေ့ခဲ့ရတဲ့အပေါ် အပြစ်တင်မှုတွေပြုလုပ်ခဲ့ပြီး တဦးကတော့ "ကလပ်ရဲ့ယုံကြည်မှုနဲ့ နှစ်ရှည်စာချုပ်ချုပ်ထားပေမယ့် နည်းပြတွေကပဲ ကစားသမားတွေအပေါ် ဆုံးဖြတ်တာပါ၊ ဘေးလ်က ကျနော့်အတွက်တော့ ဂန္ထဝင်မဟုတ်ဘူး" လို့ ပြောဆိုခဲ့ပါတယ်။
နောက်တဦးကလည်း "သူက အသင်းအောင်ပွဲခံမှုမှာပါဝင်ဖို့ ငြင်းဆန်ခဲ့တယ်၊ သူကို ငါ အရန်ခုံမှာတောင်မှ မမြင်ချင်တော့ဘူး" လို့ ရေးသားခဲ့ပါတယ်။ ဘေးလ်ဟာ အသင်းအောင်ပွဲခံနေချိန်တွေမှာဆိုရင်လည်း အူကြောင်ကြောင်ပုံစံနဲ့သာရှိနေခဲ့တာဖြစ်ပြီး သူနဲ့ မသက်ဆိုင်သလိုဖြစ်နေတာက တော်တော်လေးကြာမြင့်နေခဲ့ပြီဖြစ်ပါတယ်။