မနေ့ညက ကစားခဲ့တဲ့ ပီအက်စ်ဂျီနဲ့ အေယက်စီယိုတို့ရဲ့ ပြင်သစ်လီဂူးပွဲစဥ်မှာ မက်ဆီတစ်ယောက် အသင်းအတွက် ပြန်လည်ပွဲထွက်ခွင့်ရရှိခဲ့ပေမယ့် အိမ်ရှင်ပရိသတ်တွေရဲ့ အော်ဟစ်လှောင်ပြောင်မှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒီပွဲမှာ ပီအက်စ်ဂျီက ငါးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာပါ။
မက်ဆီဟာ လော်ရီယန့်ကို အိမ်ကွင်းမှာ ၁-၃ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ အသင်းရဲ့ ခွင့်ပြုချက်မရရှိဘဲ ဆော်ဒီအာရေဗျနိုင်ငံကို ခရီးထွက်သွားခဲ့တာကြောင့် အသင်းနဲ့ ပူးပေါင်းခွင့် ပိတ်ပင်တဲ့ ပြစ်ဒဏ်ကို ရင်ဆိုင်ခဲ့ရပါတယ်။ အဲ့ဒီအချိန်အတွင်းမှာလည်း ပီအက်စ်ဂျီအမာခံပရိသတ်တွေက မက်ဆီအပြင် နေမာကိုပါ အသင်းကနေ ထွက်သွားဖို့အတွက် စုပေါင်း ဆန္ဒပြခဲ့ကြပါသေးတယ်။
မက်ဆီကတော့ သူ့ရဲ့လုပ်ရပ်အတွက် ပြန်လည်တောင်းပန်ခဲ့ပြီး အေယက်စီယိုနဲ့ပွဲမှာတော့ ပွဲထွက်ခွင့် ပြန်လည်ရရှိခဲ့တာပါ။ ဒါပေမယ့် ဒီပွဲမှာလည်း မက်ဆီတစ်ယောက် ပရိသတ်တွေရဲ့ အမျက်ဒေါသနဲ့ မလွတ်ခဲ့ဘဲ အသင်းက ဂိုးပြတ်နိုင်ပွဲရနေချိန်မှာတောင် မက်ဆီကို အော်ဟစ်လှောင်ပြောင်ခဲ့ကြတာပါ။ ဒီပွဲမှာ မက်ဆီက အသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့ခြင်းလည်း မရှိပါဘူး။
ပီအက်စ်ဂျီအတွက် ဖေဘီယန်ရုဇ်၊ ဟာကီမီ၊ အမ်ဘာပေ နှစ်ဂိုးနဲ့ ပြိုင်ဘက် ကစားသမားက ကိုယ့်ဂိုးကိုယ်သွင်းယူမိခဲ့ကြပြီး ငါးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ဒီအနိုင်ရလဒ်ကြောင့် ပီအက်စ်ဂျီဟာ လာမယ့်တစ်ပတ် အော်ဇေးနဲ့ပွဲမှာ အနိုင်ရရှိတာနဲ့ ပြင်သစ် လီဂူးအမှတ်ပေးချန်ပီယံဆုကို ဆွတ်ခူးနိုင်တော့မှာလည်း ဖြစ်ပါတယ်။
ပီအက်စ်ဂျီအတွက် ဘယ်လိုမျိုး အပေါင်းလက္ခဏာဆောင်တဲ့ ရလဒ်ပဲဖြစ်ခဲ့ပါစေ၊ မက်ဆီကတော့ ပရိသတ်တွေရဲ့ စက်ကွင်းကနေ မလွတ်ခဲ့ပါဘူး။ မက်ဆီအနေနဲ့ လာမယ့်နွေရာသီမှာ ပီအက်စ်ဂျီက ထွက်ခွာဖို့ သေချာနေပြီး သူ့ရဲ့အနာဂတ်အတွက် ဘယ်အသင်းကို ပြောင်းရွှေ့မယ်ဆိုတာကိုတော့ သိရှိရခြင်း မရှိသေးပါဘူး။