ဘန်လေနဲ့ပွဲမတိုင်ခင် နည်းပြကြီး ဘာမှာခဲ့လဲဆိုတာကို တွမ်မီနေးက ပွဲအပြီးမှာ ပြောကြားသွားခဲ့ပါတယ်။

မနေ့ညက ဘန်လေကို အိမ်ကွင်းမှာ ၃-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့နောက် ယူနိုက်တက်တို့ (၂၀၂၁) ကို နိုင်ပွဲနဲ့အတူ နှုတ်ဆက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒီပွဲမှာ ယူနိုက်တက်က ပထမပိုင်းမှာတင် (၃) ဂိုးသွင်းယူထားပြီး အနိုင်သေချာခဲ့တာပါ။ ယူနိုက်တက်အတွက် တွမ်မီနေး၊ ပြိုင်ဘက်ကစားသမား မီးမ်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူမှု၊ ရော်နယ်ဒိုတို့က ဂိုးတွေ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဘန်လေအတွက် ချေပဂိုးတဂိုးကိုတော့ ပရီးမီးယားလိဂ်ရဲ့ ဝါရင့် ကစားသမားကြီး လန်နွန်က သွင်းယူပေးခဲ့တာပါ။



ယူနိုက်တက်ဟာ နောက်ဆုံးကစားခဲ့တဲ့ နယူးကာဆယ်နဲ့ အဝေးကွင်းပွဲမှာ တဂိုးစီသရေရလဒ်သာ ထွက်ပေါ်ခဲ့တာကြောင့် အဲ့ဒီပွဲအပြီးမှာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါသေးတယ်။ ဘန်လေကိုနိုင်တဲ့ပွဲမှာတော့ အကောင်းဆုံး ခြေစွမ်းပြသခဲ့ပြီး ဒီအပေါ်မှာ တွမ်မီနေးက ဖွင့်ဟပြောကြားလာခဲ့ပါတယ်။

တွမ်မီနေးက “ကျနော်တို့အတွက် ခွန်အားတွေ အများကြီး ရခဲ့သလို ခံစားမိပါတယ်။ ဒါပေမယ့် ဂိုးတွေကသာ ခွန်အားတွေဖြစ်အောင် ကူညီပေးနိုင်တာပါ။ နယူးကာဆယ်နဲ့ပွဲမှာလည်း ကျနော်တို့ ပထမပိုင်းတည်းက နှစ်ဂိုး၊ သုံးဂိုးလောက် သွင်းနိုင်ခဲ့သင့်ပါတယ်”

“အခု ဘန်လေနဲ့ပွဲမှာ ဂိုးတွေသွင်းနိုင်ခဲ့တာက အသင်းအတွက် ခွန်အားတွေ အများကြီးရခဲ့သလို ခံစားခဲ့ရပြီး ဒါက အရမ်းကို အရေးပါတဲ့ကိစ္စတရပ်ပါ။ နယူးကာဆယ်နဲ့ပွဲမှာ စွမ်းဆောင်ရည်က စိတ်ပျက်စရာကောင်းခဲ့တာက အလှည့်အပြောင်းတခုလိုပါပဲ။ ဒါရိုးရှင်းပါတယ်”

“အဲ့ဒီပွဲမှာ ကျနော်တို့ ဘောလုံးတွေ ဆုံးရှုံးခဲ့ရတယ်ဆိုပေမယ့် လူတွေ ပြောသလောက်တော့ မဆိုးသေးပါဘူး။ အခု ဘန်လေနဲ့ မရင်ဆိုင်ခင် နည်းပြက ရောက်လာပြီး ကျနော်တို့ရဲ့ မကောင်းတဲ့ Body Language တွေကို လွှင့်ပစ်လိုက်ဖို့ ပြောပါတယ်။ သူ ဒီ့ထက်ပိုပြီး ဒါတွေ မလိုချင်တော့ဘူးတဲ့။ ဒါပါပဲ”

“ကစားသမားတွေ အကုန်လုံးက သူပြောသလိုပဲ ကစားခဲ့ကြပြီး ဒါက ကျနော်တို့အတွက် အရေးပါခဲ့ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ တွမ်မီနေးဟာ ဒီပွဲမှာ လှပကောင်းမွန်တဲ့ အဝေးကန်ချက်တွေကို ကန်ပြခဲ့ပြီး ခြေစွမ်းလည်းပြနိုင်ခဲ့တာကြောင့် အဲ့ဒီပွဲက သူ့ရဲ့ခြေစွမ်းကို ပီယာလို၊ ဇီဒန်း၊ ပေါလ်စခိုးလ်တို့ပေါင်းထားတဲ့ ခြေစွမ်းလို့ ပရိသတ်တွေက နောက်ပြောင်ရင်း ချီးကျူးနေကြပါတယ်။ 

Share

က္က