မနေ့က ကစားခဲ့တဲ့ အယ်လ်အီတီဟတ်နဲ့ အယ်လ်ဟီလာအသင်းတို့ရဲ့ အာရပ်ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲမှာ အယ်လ်အီတီဟတ်တို့ ၁-၃ ဂိုးနဲ့ အရေးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခဲ့ရပါတယ်။ ဒီပွဲမှာ အယ်လ်အီတီဟတ်တို့ ပင်နယ်တီတစ်လုံး ရရှိခဲ့ပါသေးတယ်။
ဒါပေမယ့်လည်း ဘန်ဇီမာက ဒီပင်နယ်တီကို ဂိုးဝင်အောင် ကန်သွင်းနိုင်ခြင်းမရှိဘဲ ဘောလုံးက ဂိုးတိုင်ထိထွက်သွားခဲ့ပါတယ်။ ဒါ့အပြင် ရှေ့ပွဲတွေမှာ ဆက်တိုက်ခြေစွမ်းပြခဲ့တဲ့ ဘန်ဇီမာက ဒီပွဲမှာ အသင်းအတွက် ဂိုးသွင်းယူနိုင်ခြင်းမရှိတော့ဘဲ ဂိုးပေါက်ပျောက်ခဲ့တဲ့အပြင် အသင်းကပါရှုံးပြီး ပြိုင်ပွဲကထွက်ခဲ့ရတာပါ။
တစ်ဖက်မှာတော့ ဆော်ဒီကလပ်ပဲဖြစ်တဲ့ အယ်လ်ဟီလာက ဒီနွေရာသီမှာမှ ခေါ်ယူထားတဲ့ ဥရောပက ကစားသမားတွေရဲ့ ခြေစွမ်းပြသွင်းဂိုးတွေနဲ့အတူ နောက်တစ်ဆင့်ကို တက်ရောက်ခဲ့ပါတယ်။ အယ်လ်ဟီလာအတွက် ရရှိခဲ့တဲ့ သွင်းဂိုးသုံးဂိုးအနက် နှစ်ဂိုးကို ဒီနွေမှ အသစ်ရောက်ရှိလာခဲ့တဲ့ ကစားသမားနှစ်ယောက်က သွင်းယူခဲ့တာဖြစ်ပါတယ်။
အသင်းအတွက် ပထမဂိုးကို ဆာဂျီမီလင်ကိုဗစ် ဆာဗစ်က သွင်းယူပေးခဲ့ပြီး နောက်ဆုံးဂိုးကို သွင်းယူပေးခဲ့တဲ့ ကစားသမားကတော့ မယ်လ်ကွန်ဖြစ်ခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း ဒီပွဲက ဆော်ဒီလိဂ်ကို ဒီနွေမှ ပြောင်းရွှေ့လာခဲ့တဲ့ နှစ်ဖက်အသင်း ကစားသမားတွေကြားက မတူညီတဲ့ ကံကြမ္မာတွေကို မြင်တွေ့ခဲ့ရတဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။
အယ်လ်အီတီဟတ်ဟာ အာရပ်ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲကနေ ထွက်ခဲ့ရပြီဖြစ်တာကြောင့် လာမယ့် ဩဂုတ်လ (၁၄) ရက်နေ့မှာ ကစားမယ့် အယ်လ်ရီယက်ဒ်နဲ့ပွဲမှသာ ဆော်ဒီပရိုလိဂ်ပွဲအဖြစ် ကစားရတော့မှာဖြစ်ပါတယ်။ ဘန်ဇီမာကတော့ ဒီပွဲမှာ ပင်နယ်တီလွဲခဲ့ပေမယ့် ဆော်ဒီပရိုလိဂ်မှာ ပြန်လည်ခြေစွမ်းပြနေဦးမယ့် ကစားသမားဆိုတာလည်း သံသယဝင်စရာမရှိပါဘူး။