ရီးရဲလ်တိုက်စစ်မှူးဘန်ဇီမာကတော့ အသင်းကို သူ့ရဲ့နောက်ကျသွင်းဂိုးတွေနဲ့ ကယ်တင်နေပါတယ်။ ချယ်လ်ဆီးနဲ့ပွဲတုန်းကလည်း အချိန်ပိုမှာ သွင်းပေးခဲ့တဲ့ သူ့ရဲ့ဂိုးနဲ့ အသင်းကို ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ရောက်အောင် ပို့ဆောင်ပေးခဲ့ပြီး မနေ့ညကပွဲမှာလည်း သူ့ရဲ့ ၉၆ မိနစ်သွင်းဂိုးနဲ့ ဆီဗီလာအပေါ် နိုင်ပွဲရစေခဲ့ကာ အမှတ်ပေးဖလားအတွက် ခြေတလှမ်းတိုးနိုင်ခဲ့ပြီဖြစ်ပါတယ်။
ဆီဗီလာကွင်းမှာ ၂-၀ နဲ့ အရေးနိမ့်နေတဲ့ ရီးရဲလ်မက်ဒရစ်ဟာ ဒုတိယပိုင်းမှာ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ပြန်သွင်းနိုင်ခဲ့ပြီး ၂-၃ နဲ့ အနိုင်ရခဲ့ပါတယ်။ ခက်ခဲတဲ့ပွဲတပွဲကို ရင်ဆိုင်ခဲ့ရပေမယ့်လည်း အရေးအကြောင်းမှာ အဆုံးအဖြတ်ဂိုးတွေကို သွင်းပေးနေတဲ့ ဘန်ဇီမာကြောင့် ရီးရဲလ်တို့ အသက်ရှူချောင်ခဲ့ပြီး အမှတ်ပေးဖလားကို ရယူနိုင်ဖို့ ပိုမိုနီးစပ်လာခဲ့ပြီဖြစ်ပါတယ်။
ဘန်ဇီမာကတော့ အသင်းအတွက် ၃၉ ပွဲကစားအပြီးမှာ ၃၉ ဂိုးအထိ သွင်းယူပေးကာ ၁၃ ကြိမ်ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ပြင်သစ်သားရဲ့ ဒီရာသီခြေစွမ်းက အံ့မခန်းဖြစ်လောက်အောင် ကောင်းမွန်နေပြီး ထူးထူးခြားခြားခြေစွမ်းပြသနေကာ လာလီဂါရွှေဖိနပ်ဆုကိုလည်း ရယူနိုင်ဖို့ အခြေအနေကောင်းနေပြီး ဘလွန်းဒီအောဆုအတွက်ပါ ရေပန်းအစားဆုံးဖြစ်နေပါတယ်။
အသက် ၃၄ နှစ်အရွယ် ဘန်ဇီမာဟာ ရော်နယ်ဒို၊ မက်ဆီတို့ကြောင့် နောက်ကွယ်မှာသာရှိနေခဲ့ပေမယ့် အဆိုပါကစားသမားတွေမရှိတော့တဲ့အချိန်မှာ သူ ဘယ်လိုကစားသမားလဲဆိုတာ အားလုံးကို ပြသနိုင်ခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အတွက် အရေးအပါဆုံးကစားသမားဖြစ်နေပြီး လက်ရှိမှာလည်း ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးအဖြစ်ပါ သတ်မှတ်ခံနေရပြီဖြစ်ပါတယ်။