လီဗာပူးပရိသတ်တွေဟာ သူတို့အသင်း အမ်ဘာပေအတွက် ကြိုးစားလာမယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်လို့ ပြန်လည် လှောင်ပြောင်နေကြပါတယ်။ အမ်ဘာပေဟာ လက်ရှိနွေရာသီမှာ ပီအက်စ်ဂျီကနေ ထွက်ခွာဖို့ သတင်းထွက်ပေါ်နေပြီး ရီးရဲလ်မက်ဒရစ်နဲ့ အပြိုင် လီဗာပူးကလည်း စိတ်ဝင်စားနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့တာပါ။
စပိန်ဂျာနယ်လစ်တစ်ယောက်ဖြစ်တဲ့ အဒူးအက်ဂွါရီက “ဒီနာရီပိုင်းအတွင်းမှာပဲ လီဗာပူးရဲ့ ကမ်းလှမ်းမှုက ပီအက်စ်ဂျီရဲ့ ရုံးခန်းကို ရောက်နေပါပြီ။ လီဗာပူးက အမ်ဘာပေအတွက် စတင် ကြိုးစားလာပြီး ယူရိုသန်း (၂၀၀) နဲ့ ကမ်းလှမ်းထားပြီးပါပြီ။ ဒါက ပီအက်စ်ဂျီဘက်က သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးပမာဏပါ။ အယ်လ်ခါလိုင်ဖီကိုယ်တိုင်ကလည်း အမ်ဘာပေကို အရောင်းစာရင်း တင်ထားပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
ဒီသတင်းထောက်ရဲ့ ပြောကြားချက်ကို လီဗာပူးပရိသတ်တွေက “ငါတို့ အသင်းပိုင်ရှင်တွေက ဘယ်သူတွေလဲဆိုတာကို အဲ့ဒီသတင်းထောက်ကို ပြောပြလိုက်ကြပါဦး” “ဘယ်သူက သူ့ကို အဲ့ဒီလို ပြောလိုက်တာလဲ” “လီဗာပူးတို့ အမ်ဘာပေကို ခေါ်ဖို့က ဂိမ်းထဲမှာပဲ ဖြစ်နိုင်တယ်” လို့ အသီးသီး လှောင်ပြောင်သွားခဲ့ကြပါတယ်။
အဆိုပါ နောက်ဆုံးပရိသတ်တစ်ယောက်ကတော့ အမ်ဘာပေနဲ့ ကလော့ပ်တို့ ဖီဖာဂိမ်းထဲမှာ လက်ဆွဲနှုတ်ဆက်နေတဲ့ပုံကို Screenshot ရိုက်ကာ အခုလိုပဲ ချက်ကျလက်ကျ လှောင်ပြောင်သွားခဲ့တာလည်း ဖြစ်ပါတယ်။ လီဗာပူးဟာ လက်ရှိနွေရာသီမှာ မက်အယ်လစ္စတာ၊ ဆိုဘော့စ်ဇလိုင်းတို့ကို ခေါ်ယူထားပြီးပြီလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ဆောက်သမ်တန်ကွင်းလယ်လူ ရိုမီယိုလာဗီယာကို ဆက်လက် ခေါ်ယူဖို့ ကြိုးစား ပြင်ဆင်နေပါတယ်။ ဒါပေမယ့် တန်းဆင်းသွားတဲ့ ဆောက်သမ်တန်က သူတို့ရဲ့ ကွင်းလယ်လူအတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း (၅၀) အထိ တောင်းဆိုနေပြီး လီဗာပူးက ဒီပမာဏကို ပေးချေဖို့ အခက်တွေ့နေသေးတာကြောင့် အမ်ဘာပေအတွက် ကမ်းလှမ်းလိုက်တယ်ဆိုတဲ့ သတင်းတွေကို လီဗာပူးပရိသတ်တွေကိုယ်တိုင်က အားတက်သရော ပြန်လည်လှောင်ပြောင်ခဲ့ကြတာဖြစ်ပါတယ်။