ဝေဖန်ပြစ်တင်နေမှုတွေဟာ သူခိုးက လူပြန်ဟစ်သလို ဖြစ်နေတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာဥက္ကဌ လာပေါ်တာက လက်ရှိ ရင်ဆိုင်နေရတဲ့ အကျင့်ပျက်ခြစားမှုစွဲချက်တွေကို ငြင်းပယ်ပြီး ဘာစီလိုနာက ဘယ်ဒိုင်လူကြီးကိုမှ ငွေပေးခဲ့တာမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့လမှာ စပိန်လာလီဂါအမှတ်ပေးဇယား ဦးဆောင်သူတွေဟာ စပိန်ဘောလုံးဒိုင်လူကြီး ကော်မတီ ဒုဥက္ကဌဟောင်း ဟိုဆေး မာရီယာ အန်နရီကက်ဇ် နီဂရေရာကို ငွေကြေးပေးချေမှုပြုလုပ်ခဲ့မှုအတွက် စွဲချက်တင်ခံခဲ့ရတာဖြစ်ပါတယ်။

 

ဘာစီလိုနာအသင်းကတော့ ဘာအမှားမှမလုပ်ခဲ့ဘူးလို့ ပြောကြားခဲ့ပေမယ့်လည်း ရီးရဲလ်မက်ဒရစ်အသင်းက ကတ်တလန် ထိပ်သီးအသင်းကြီးကို တရားဥပဒေအရ အရေးယူမှုတွေ ပြုလုပ်သွားဖို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

 

ဘာစီလိုနာအသင်း စွဲချက်တင်ခံထားရတဲ့ စွပ်စွဲချက်တွေဟာ ပြင်းထန်တာကြောင့် အပြစ်ရှိကြောင်းသာ ထင်ရှားခဲ့မယ်ဆိုရင် လာလီဂါကနေ တန်းဆင်းပြီး ဒုတိယတန်းမှာ ဆင်းကစားရမှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဘာစီလိုနာအသင်းဥက္ကဌ လာပေါ်တာက သတင်းစာရှင်းလင်းပွဲမှာ အသင်းအနေနဲ့ ဘာအမှားမှ မလုပ်ခဲ့ဘူးလို့ ငြင်းဆိုခဲ့ပြီး ရီးရဲလ်မက်ဒရစ်ကို ပြဿနာထဲ ဆွဲသွင်းခဲ့တာဖြစ်ပါတယ်။

 

အသက် ၆၀ အရွယ်ရှိပြီဖြစ်တဲ့ ဘာစီလိုနာဥက္ကဌက ရီးရဲလ်မက်ဒရစ်အသင်းဟာ နှစ်ပေါင်း ၇၀ လောက် ဒိုင်ကူခံခဲ့ရတာကြောင့် ၎င်းရဲ့အသင်းကို ဝေဖန်ပြစ်တင်နေမှုတွေဟာ သူခိုးက လူပြန်ဟစ်သလို ဖြစ်နေတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

 

“နီဂရေရာကိစ္စထွက်လာတဲ့အချိန်မှာ အဲဒါက တိုက်ဆိုင်မှုမဟုတ်ဘူးလို့ ကျွန်တော် ပြောခဲ့ပြီးသားပါ။ ကျွန်တော့်မှာ သတင်းအချက်အလက်တွေ ပိုရှိပြီး အခု ဘာစီလိုနာက ဘယ်တုန်းကမှ အားကစားမှာ မျက်နှာသာရအောင် ပြိုင်ပွဲကို ဖျောက်ဖျက်ဖို့ ရည်ရွယ်နဲ့ ဘာတစ်ခုမှ လုပ်ဆောင်ခဲ့ခြင်းမရှိဘူးဆိုတာကို အတည်ပြုနိုင်ပါတယ်။ အခွန်အေဂျင်စီက ပေးချေမှုတွေက ဘယ်ရလဒ်ကို အကျိုးသက်ရောက်မှုရှိစေခဲ့လဲဆိုတာ မဖော်ထုတ်နိုင်ခဲ့ပါဘူး။ သူတို့တွေ ဖော်ထုတ်လို့လည်း ရနိုင်မှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ အဲဒါက မဖြစ်နိုင်လို့ပါ။ ဒီငွေပမာဏကို ပြီးခဲ့တဲ့ ၁၇ နှစ်ကျော်အတွင်းမှာ ပေးချေခဲ့တာဖြစ်ပြီး ဒီအရာတွေကို ဆက်စပ်မိအောင် လုပ်ဖို့ အရေးကြီးပြီး လေ့လာမှုတွေက အချိန်အတော်ကြာ ပြုလုပ်ခဲ့ရတာပါ။ ဒီလို ဝန်ဆောင်မှုတွေကို အဓိကကမ်းလှမ်းခဲ့တဲ့ပုဂ္ဂိုလ်က နီဂရေရာရဲ့သားပါ။ နီဂရောက ပွဲကိုင်တွယ်သူတွေ ဒါမှမဟုတ် ပွဲရလဒ်ကို လွှမ်းမိုးနိုင်စွမ်း လုံးဝမရှိပါဘူး။ နီဂရေရာက ပွဲတွေကို အပြောင်းအလဲလုပ်ပေးနိုင်တယ်ဆိုတဲ့ ယူဆချက်တွေက လုံးဝကို မှားယွင်းပါတယ်။ ရီးရဲလ်မက်ဒရစ်က သမိုင်းကြောင်းအရ ဒိုင်လူကြီးအမှားတွေရဲ့ မျက်နှာသာပေးခြင်းကို ခံခဲ့ရတဲ့အသင်းဆိုတာ အားလုံးသိမှာပါ။ဆယ်စုနှစ် ၇ ခုလောက်အထိ ဒိုင်လူကြီးဥက္ကဌတွေက မက်ဒရစ်အဖွဲ့ဝင်ဟောင်းတွေ၊ ကစားသမားဟောင်းတွေ ဒါမှမဟုတ် ဒါရိုက်တာဟောင်းတွေ ဖြစ်ခဲ့ပါတယ်။ တစ်ခါတလေ အဖွဲ့ဝင်ရော၊ ကစားသမားရော၊ ဒါရိုက်တာဟောင်းပါ ဖြစ်ခဲ့ပါတယ်။ နှစ်ပေါင်း ၇၀ လောက် အဲဒီလိုလူတွေက တရားမျှတမှုကို ယူဆောင်ပေးရမယ့် ဒိုင်လူကြီးတွေကို ခန့်အပ်တာဝန်ပေးခဲ့တာပါ။ ကျွန်တော်တို့အသင်းရဲ့ အကောင်းဆုံးကာလမှာ ဒီကိစ္စ ပေါ်လာတာကတော့ မကြုံစဖူးကို ထူးဆန်းတဲ့ကိစ္စပါ။ ဒီ တရားစီရင်မှုက သူတို့ကို ဖော်ထုတ်နိုင်ပါစေလို့ မျှော်လင့်မိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က