ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီက ဘာစီလိုနာအသင်းကို လီယွန်နယ် မက်ဆီ ပြန်လာနိုင်ခြေရှိနေတဲ့အပေါ် မေးမြန်းခြင်းခံခဲ့ရချိန်မှာ အီတလီလူမျိုးနည်းပြက ခပ်ပြတ်ပြတ်ပဲ အာဂျင်တီးနားကြယ်ပွင့်အနေနဲ့ လုပ်ချင်တာ လုပ်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဂီရိုနာနဲ့ ကစားရမယ့် ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ပွဲစဉ်မတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ အန်ဆယ်လော့တီက “သူ လုပ်ချင်တာမှန်သမျှ သူ လုပ်နိုင်တယ်။ ဘာစီလိုနာလည်း အတူတူပါပဲ။ အဲဒါက ကျွန်တော့်အတွက် ပြဿနာမဟုတ်ပါဘူး။ ကျွန်တော် မက်ဆီကို နှစ်သက်ပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
လီယွန်နယ် မက်ဆီဟာ ယခုရာသီကုန်မှာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်းကုန်ဆုံးချိန်ကျရင် ဘာစီလိုနာကို ပြန်လာတော့မယ်လို့ သတင်းတွေ အခိုင်အမာ ထွက်ပေါ်နေခဲ့တာဖြစ်ပြီး လီဂူးဝမ်းကလပ်အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့က ကြာလေ မဖြစ်နိုင်ဖို့ ပိုများလေ ဖြစ်နေတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဘာစီလိုနာအသင်းအတွက် လီယွန်နယ် မက်ဆီကို ပြန်လည်ခေါ်ယူဖို့က လွယ်ကူမှာမဟုတ်ဘဲ ဘဏ္ဍာရေးအကြပ်အတည်းကာလထဲမှာ ရောက်ရှိနေတာကြောင့် လာလီဂါက နောက်ထပ် ကစားသမားခေါ်ယူမှုပြုလုပ်ချင်ရင် လစာပေးချေမှုပမာဏကို ယူရိုသန်း ၂၀၀ အထိ လျှော့ချဖို့ ညွှန်ကြားထားတာဖြစ်ပါတယ်။
သတင်းစာရှင်းလင်းပွဲမှာ အန်ဆယ်လော့တီက ၎င်းရဲ့ အသင်းဟာ လာလီဂါအမှတ်ပေးဇယားမှာ ဘာစီလိုနာနဲ့ ရမှတ်ကွာဟမှုကို လျှော့ချဖို့ ကြိုးပမ်းနေတယ်လို့ ထပ်လောင်း ပြောကြားခဲ့ပြီး ဇာဗီရဲ့အသင်းဟာ ၈ ပွဲသာ ကစားဖို့ ကျန်တော့တဲ့အချိန်မှာ ၁၁ မှတ်အသာနဲ့ ဦးဆောင်နေတာကြောင့် ယခုရာသီကုန်မှာ လာလီဂါဖလားကို ရေပန်းအစားဆုံးဖြစ်နေတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း အီတလီလူမျိုးနည်းပြက နှစ်သင်းကြားက ကွာခြားချက်က ရမှတ်ကွာဟမှုထက် မပိုဘဲ ဘာစီလိုနာအသင်းရဲ့ ဦးဆောင်မှုကို ဖြတ်တောက်သွားမယ်လို့ ကတိပြုခဲ့တာ ဖြစ်ပါတယ်။
“အဲဒါက နှစ်သင်းကြားမှာ စစ်မှန်တဲ့ ကွာဟမှု မဟုတ်ပါဘူး။ ကျွန်တော်တို့ အဲဒါကို ဖြတ်တောက်ဖို့ အလုပ်လုပ်သွားမှာပါ”လို့ ထပ်လောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။
Share