ဘာစီလိုနာကို ပြောင်းရွှေ့နိုင်ခဲ့တဲ့အပေါ်မှာ ကျေနပ်မိတယ်လို့ ကစားသမားသစ် နောက်ခံလူ ကန်ဒေးက ပြောဆိုလိုက်ပါတယ်။ ဒီအတွက်လည်း ကြီးကြီးမားမာစဉ်းစားနေစရာမလိုခဲ့ဘူးလို့ ကွန်ဒေးက ဆိုခဲ့ကာ အသင်းကြီးတသင်းဖြစ်ပြီး ရည်မှန်းချက်လည်းမြင့်မားတဲ့ စပိန်ကလပ်ကို ရွေးချယ်ခဲ့တာဖြစ်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။
အသက် ၂၃ နှစ်အရွယ် ကွန်ဒေးဟာ ဘာစီလိုနာရဲ့ ဒီနွေရာသီမှာ ၅ ဦးမြောက်ခေါ်ယူသူဖြစ်လာခဲ့တာပါ။ ဆီဗီလာကနေ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ပြောင်းရွှေ့ကြေးအဖြစ် ဘာကာက ပေါင် ၄၂ သန်းအထိ ပေးချေရမှာပါ။ ကွန်ဒေးကို ချယ်လ်ဆိးကလည်း စိတ်ဝင်စားနေခဲ့ပြီး ခေါ်ယူနိုင်ဖို့နီးစပ်ခဲ့ပြီးကာမှ ဘာစီလိုနာက ကြားဖြတ်ကမ်းလှမ်းခဲ့ပြီး ချယ်လ်ဆီးကို အသာစီးရယူခဲ့တာဖြစ်ပါတယ်။
"ချယ်လ်ဆီးဆီက ကမ်းလှမ်းမှုရှိခဲ့တယ်ဆိုတာ မှန်ပါတယ်၊ ဒါပေမယ့် ဆီဗီလာနဲ့ ဘာစီလိုနာတို့ သဘောတူညီမှုရမလားဆိုတာကို ကျနော်စောင့်နေခဲ့ပါတယ်၊ ဒီအပြောင်းအရွှေ့က ဖြစ်လာနိုင်တယ်လို့လည်း ကျနော်ထင်နေတယ်လေ၊ ဘာစီလိုနာကို ကျနော်ရွေးချယ်ခဲ့တာပါ၊ ဘာလို့လဲဆိုတော့ ကျနော်သွားချင်တဲ့နေရာဆိုတာ ရှင်းလင်းလွန်းလို့ပါပဲ"
"ဘာမှထွေထွေထူးထူးဆုံးဖြတ်တာမျိုးမဟုတ်ဘူး၊ ကျနော်ကိုက ဘာကာကိုသွားချင်တာပါ၊ အရမ်းအရမ်းပျော်ပါတယ်၊ အရမ်းလည်းဂုဏ်ယူပါတယ်၊ အသင်းကြီးတသင်း၊ ရည်မှန်းချက်တွေရှိတဲ့ ကလပ်တခုကို ကျနော်ပြောင်းရွှေ့နိုင်ခဲ့တာပါ၊ ကျနော်ကလည်း ရည်မှန်းချက်တွေနဲ့ ရောက်လာခဲ့တာပါ" လို့ ပြင်သစ်နောက်ခံလူက ပြောဆိုခဲ့တယ်လို့ BBC က ဖော်ပြခဲ့ပါတယ်။
ဘာစီလိုနာက ကွန်ဒေးကို ၅ နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး စာချုပ်လျော်ကြေးအဖြစ် ပေါင် ၈၃၇ သန်းအထိ သတ်မှတ်ခဲ့ပါတယ်။ ချယ်လ်ဆီးကတော့ သူတို့ခေါ်ယူဖို့နီးစပ်ခဲ့ပြီးမှ ဘာစီလိုနာဆီ ရောက်သွားခဲ့လို့ စိတ်ပျက်စရာတော့ဖြစ်ခဲ့ရပါတယ်။