ရီးရဲလ်မက်ဒရစ် ကစားသမားတွေဟာ ဘာစီလိုနာနဲ့ ရင်ဆိုင်ရမယ့် စပိန်စူပါဖလား ဗိုလ်လုပွဲမှာသာ အနိုင်ရရှိခဲ့မယ်ဆိုရင် အပိုဆုကြေး ရရှိမယ်လို့ သိရှိရပါတယ်။ သူတို့နှစ်သင်းဟာ လာမယ့်တနင်္ဂနွေနေ့မှာ ဗိုလ်လုပွဲကို ယှဉ်ပြိုင်ကစားကြမှာပါ။
ရီးရဲလ်မက်ဒရစ်ဟာ အက်သလက်တီကိုမက်ဒရစ်ကို သာမန်ပွဲကစားချိန်အတွင်း သုံးဂိုးစီသရေကျနေခဲ့တာကြောင့် အချိန်ပို ကစားခဲ့ရပါတယ်။ အချိန်ပိုမှာတော့ အနိုင်ဂိုးနှစ်ဂိုး ထပ်ရလိုက်တာကြောင့် ၅-၃ ဂိုးနဲ့ ဗိုလ်လုပွဲကို ရောက်ရှိလာခဲ့တာပါ။
ဘာစီလိုနာကတော့ အိုဆာဆူနာကို နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိပြီး ရီးရဲလ်မက်ဒရစ်နဲ့ အယ်လ်ကလက်စီကိုဗိုလ်လုပွဲအဖြစ် ထိပ်တိုက်တွေ့ဖို့ အကြောင်းဖန်လာခဲ့တာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ဒီရာသီ လာလီဂါမှာ ဘာစီလိုနာနဲ့ ထိပ်တိုက်တွေ့တုန်းကလည်း အနိုင်ရရှိထားပါသေးတယ်။
အခု ဒီပွဲမှာသာ ထပ်မံအနိုင်ရဗိုလ်စွဲခဲ့မယ်ဆိုရင် ရီးရဲလ်မက်ဒရစ် ကစားသမားတွေကို အသင်းဥက္ကဌ ပီရက်ဇ်က အပိုဆုကြေး ယူရို (၁) သိန်းခွဲ ပေးအပ်သွားမယ်လို့ သိရှိရပါတယ်။ ဒီဆုကြေးကို ကစားသမားတွေတင်မကဘဲ အသင်းရဲ့ နည်းပြဝန်ထမ်းတွေပါ ရရှိမှာဖြစ်ပြီး စုစုပေါင်း အပိုဆုကြေး ယူရို (၄) သန်းဝန်းကျင်အထိ ရရှိနိုင်မှာပါ။
ပီရက်ဇ်ဟာ ဒီသဘောတူညီချက်ကို အသင်းရဲ့ စီနီယာကစားသမားတွေနဲ့ သတ်မှတ်ထားတာဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ရီးရဲလ်မက်ဒရစ် ကစားသမားတွေ ဘာစီလိုနာကို အနိုင်ယူပြီး အပိုဆုကြေးတွေ ရယူနိုင်မလားဆိုတာ တနင်္ဂနွေနေ့မှာ ဆက်လက်စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။