ဇာဗီကတော့ အသင်းကိုရောက်လာတာနဲ့ နည်းပြအဖွဲ့ဝင်နှစ်ယောက်ကို ချက်ချင်းထုတ်ပစ်တာပါ။

ဘာစီလိုနာနည်းပြသစ် ဇာဗီဟာ မနေ့က ဘာစီလိုနာအိမ်ကွင်း နူးကမ့်ကို နည်းပြဘဝနဲ့ ပထမဆုံးအကြိမ် ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဇာဗီကိုခေါ်ယူဖို့ ဘာစီလိုနာတို့ ခက်ခက်ခဲခဲကြိုးစားခဲ့ရတာဖြစ်ပြီး အယ်လ်ဆတ်ဒ်ကိုလည်း ဇာဗီအတွက် လျော်ကြေးပေးခဲ့ရသလို ဇာဗီကိုယ်တိုင်လည်း ဒီလျော်ကြေးမှာ တစ်ဝက်စိုက်ပေးခဲ့ရသေးတာပါ။



ဇာဗီဟာ ဘာစီလိုနာကို ရောက်ပြီး သိပ်မကြာခင်မှာတင် အသင်းရဲ့ကြံ့ခိုင်ရေးနည်းပြနှစ်ယောက်ကို ချက်ချင်းရာထူးက ထုတ်ပစ်လိုက်တယ်လို့ သိရပါတယ်။ လက်ရှိဘာစီလိုနာမှာ ဒဏ်ရာပြဿနာတွေနဲ့ ဆက်တိုက်ဆိုသလို ရင်ဆိုင်နေရပြီး ဇာဗီမရောက်ခင် နောက်ဆုံးကစားခဲ့တဲ့ ဆဲလ်တာဗီဂိုနဲ့ (၃) ဂိုးစီသရေပွဲမှာလည်း အသင်းရဲ့ကြယ်ပွင့် အန်ဆုဖာတီ ဒဏ်ရာရရှိခဲ့သေးတာပါ။

AS သတင်းစာရဲ့ဖော်ပြချက်အရ ဇာဗီဟာ အသင်းရဲ့ ကြံ့ခိုင်ရေးပညာရှင် ဟွမ်ဟိုဘရာအူနဲ့ ကြံ့ခိုင်ရေးနည်းပြ အယ်လ်ဘတ်ရိုကာတို့ကို ဆက်လက်အသုံးပြုသွားမှာမဟုတ်ဘူးလို့ု အသိပေးခဲ့ပါတယ်။ ဆဲလ်တာဗီဂိုနဲ့ပွဲမှာ အန်ဆုဖာတီ တစ်ယောက်တည်းဒဏ်ရာရရှိခဲ့တာ မဟုတ်ဘဲ အဲရစ်ဂါစီယာနဲ့ နီကိုဂွန်ဇာလက်ဇ်တို့လည်း ဒဏ်ရာကြောင့် လူစားလဲခဲ့ရသေးတာပါ။

ဇာဗီအခုထုတ်လိုက်တဲ့ နည်းပြအဖွဲ့ဝင်နှစ်ယောက်လုံးက ရော်နယ်ကိုးမန်းခေါ်ယူထားတဲ့လူတွေလို့လည်း သိရပါတယ်။ လက်ရှိဘာစီလိုနာမှာ ပတ်ဒရီ၊ အဂွေရို၊ ဘရိတ်ဝိတ်၊ ပီကေး၊ ဘရိတ်ဝိတ်၊ ဒမ်ဘီလီ၊ ဒက်စ်နဲ့ ဆာဂျီရော်ဘတ်တိုတို့လို အဓိက,ကစားသမားအများစု ဒဏ်ရာရရှိနေတာဖြစ်ပါတယ်။

ဇာဗီအနေနဲ့ ဘာစီလိုနာနဲ့ (၂) နှစ်ခွဲ စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး အသင်းမှာရုန်းကန်နေရတဲ့ ဒမ်ဘီလီကို ဒဏ်ရာက ပြန်လည်သက်သာလာရင် ကောင်းကောင်းအရောင်တင်ပေးဖို့ ဆန္ဒရှိနေပုံလည်းရပါတယ်။ ဇာဗီဟာ အယ်လ်ဆတ်ဒ်ကို ပုံစံကောင်းရရှိအောင် လမ်းပြပေးနိုင်ခဲ့သလို အောင်မြင်မှုတွေလည်း ဆွတ်ခူးနိုင်ခဲ့တာကြောင့် အယ်လ်ဆတ်ဒ်က လွယ်လွယ်နဲ့ လက်မလွှတ်ချင်ခဲ့တာပါ။

ဇာဗီကတော့ နိုင်ငံတကာရက်သတ္တပတ်အပြီး နိုဝင်ဘာ (၂၁) မှာ ကစားမယ့် အက်စ်ပန်ညိုနဲ့ပွဲမှာ ဘာစီလိုနာနည်းပြဘဝ ပထမဆုံးပွဲကို ကိုင်တွယ်သွားမှာဖြစ်ပြီး ရလဒ်တွေဆိုးနေတဲ့အသင်းကို အကောင်းဆုံးဆွဲတင်ပေးနိုင်မလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က