ဒီဘက်နှစ်တွေမှာ ဘာကာနဲ့ ဘိုင်ယန်တွေ့တိုင်း ဘိုင်ယန်ကပဲ အသာစီးရနေခဲ့တာပါ။

ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ ဘာစီလိုနာနဲ့ အတူတူ ကျရောက်ခဲ့ပြီးနောက် ဘိုင်ယန်မြူးနစ်နည်းပြနာဂယ်စမန်းကတော့ တော်တော်လေးသဘောကျနေပုံရပါတယ်။ သူတို့နှစ်သင်းဟာ ပြီးခဲ့တဲ့ရာသီကလည်း အုပ်စုအဆင့်မှာ ရင်ဆိုင်ခဲ့ဖူးပြီး ဘိုင်ယန်မြူးနစ်က နှစ်ကျော့စလုံးအနိုင်ရခဲ့ကာ အုပ်စုတွင်းဗိုလ်စွဲခဲ့ပြီး ဘာစီလိုနာကတော့ တတိယနေရာသာရခဲ့တာကြောင့် ယူရိုပါလိဂ်ကို ဆင်းကန်ခဲ့ရပါတယ်။ ဒီနှစ်အတွက် အုပ်စုတွင်းမှာတော့ သူတို့နှစ်သင်းနဲ့အတူ အင်တာမီလန်၊ ဗစ်တိုရီးယားပယ်လ်ဇန်တို့ ကျရောက်ခဲ့ကာ မရဏအုပ်စုအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ 

နောက်ထပ်ထူးခြားချက်ကတော့ ဘိုင်ယန်ကနေ ဘာကာကို ဒီရာသီကမှ ပြောင်းရွှေ့သွားတ​ဲ့ လီဝန်ဒေါစကီးက အသင်းဟောင်းနဲ့ ချက်ချင်းပြန်တွေ့ဆုံရမှာဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီအုပ်စုက မရဏအုပ်စုဖြစ်လာသလို ဘိုင်ယန်နဲ့ ဘာကာတွေ့ဆုံမှု၊ လီဝန်ဒေါစကီးရဲ့ အသင်းဟောင်းကို ပြန်ရင်ဆိုင်ရမှုတွေနဲ့ ပရိသတ်တွေကို အဖမ်းစားနိုင်ဆုံးအုပ်စုဖြစ်လာခဲ့ပါတယ်။ 

မဲခွဲမှုအပြီးမှာတော့ နာဂယ်စမန်းက "အရင်ဆုံး ကျနော့်အတွေးထဲကို ရောက်လာခဲ့တာကတော့ လီဝန်ဒေါစကီးနဲ့ ပြန်တွေ့ရမယ်ဆိုတာပါ၊ ပြီးတော့ ကျနော်တို့တွေ ဘာစီလိုနာနဲ့ရင်ဆိုင်ရတိုင်း ရယူနိုင်တဲ့ ရလဒ်မျိုးရမယ်လို့လည်း မျှော်လင့်ပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။ ဘာစီလိုနာနဲ့ ဘိုင်ယန်တို့ဟာ ၂၀၁၉-၂၀၂၀တုန်းကလည်း ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်မှာ ရင်ဆိုင်ခဲ့ဖူးပြီး ၂-၈ နဲ့ ဘိုင်ယန်မြူးနစ်က အနိုင်ရခဲ့ဖူးပါတယ်။ နာဂယ်စမန်းက အဆိုပါရလဒ်ကိုရည်ရွယ်ပြောဆိုသလား၊ နောက်ဆုံးအကြိမ်တွေ့ခဲ့တဲ့ ရလဒ်ကို ရည်ရွယ်သလားဆိုတာကတော့ ရှင်းရှင်းလင်းလင်းမသိရပါဘူ။ 

ဘိုင်ယန်မြူးနစ်တိုက်စစ်ကစားသမား သောမတ်စ်မူလာကလည်း အသင်းဖော်ဟောင်းလီဝန်ဒေါစကီးကို "ဘောလုံးပရိသတ်အားလုံးအတွက် သဘောကျစရာမဲခွဲမှုတခုပါ၊ မစ္စတာလီဝန်ဒေါစကီးရေ၊ မကြာခင်မြူးနစ်မှာတွေ့မယ်နော်၊ လုပ်လိုက်ကြစို့လား၊ ချန်ပီယံလိဂ်ရာသီကို နွှဲလိုက်ကြရအောင်" လို့ ဗီဒီယိုနဲ့ မက်ဆေ့ချ်ပို့ခဲ့ပြီး သူတို့နှစ်သင်းတွေ့ဆုံမှုကို ပိုပြီးတော့ ရုပ်လုံးကြွစေခဲ့ပါတယ်။

ဘာစီလိုနာအတွက်တော့ ဒီတကြိမ်တွေ့ဆုံမှုက ဘိုင်ယန်ကို အတိုးရော၊ အရင်းပါး ပေါင်းဆပ်ရမယ့်အလှည့်ဖြစ်ပြီး သူတို့တွေ လုပ်နိုင်မလား၊ ဒါမှမဟုတ် နောက်ထပ်ရှုံးကြွေးတွေထပ်တင်မလားဆိုတာကတော့ စောင့်ကြည့်ရပါတော့မယ်။ 

Share

Loading Next Article...
က္က