ဘာစီလိုနာနဲ့ပွဲမတိုင်ခင်မှာ အင်ဇာဂီက ပြောကြားခဲ့တာပါ။

အင်တာမီလန်နည်းပြ အင်ဇာဂီက ဒီကနေ့ညမှာ ကစားမယ့် ဘာစီလိုနာနဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဥ်မှာ ပြိုင်ဘက်ကို ဒုက္ခပေးဖို့ သေချာပေါက် အဆင်သင့်ဖြစ်နေရမယ်လို့ အသင်းသားတွေကို သတိပေးစကားပြောကြားထားပါတယ်။ ဒီနှစ်သင်းဟာ ချန်ပီယံလိဂ်အုပ်စု နှစ်ပွဲကစားပြီးချိန်မှာ တပွဲနိုင်၊ တပွဲရှုံးနိမ့်ထားကြတာဖြစ်ပါတယ်။



ဒီကနေ့ည ဒီနှစ်သင်း ထိပ်တိုက်တွေ့မယ့်ပွဲက နှစ်သင်းလုံးအတွက် နောက်တဆင့်ကို တက်ရောက်ဖို့ ကနဦးခြေလှမ်းအရ အရေးပါတဲ့ပွဲတွေဖြစ်နေတာပါ။ အဲ့ဒါကြောင့်လည်း အင်ဇာဂီက “ဘာစီလိုနာနဲ့ပွဲက တကယ်ကို ခက်ခဲမယ့်ပွဲဆိုတာ သိပါတယ်။ သူတို့က အရမ်းကို တောင့်တင်းပြီး နေရာစုံမှာ ပြီးပြည့်စုံနေတဲ့ အသင်းတသင်းပါ။ ဘိုင်ယန်မြူးနစ်၊ မန်စီးတီးတို့လိုမျိုး သူတို့က ဥရောပဘောလုံးလောကရဲ့ အကောင်းဆုံးအသင်းတွေပါ”

“ကျနော်တို့အတွက် ဒီပွဲက သေချာပေါက် အခွင့်အရေးဖြစ်လာမှာပါ။ ဘယ်လောက်အရေးကြီးတဲ့ပွဲဆိုတာကိုလည်း ကျနော်တို့ သိပါတယ်။ လက်ရှိအချိန်ထိ အုပ်စုရပ်တည်မှုတွေက မသေချာသေးပါဘူး။ ကျနော်တို့က အင်တာမီလန်အသင်းဖြစ်ပြီး ကျနော်တို့ရှိသမျှ ခွန်အားနဲ့ ရင်ဆိုင်ကစားသွားမှာပါ။ ဘာစီလိုနာနဲ့ ရင်ဆိုင်ရတဲ့ပွဲက ဘယ်လောက်အထိ ခက်ခဲမလဲဆိုတာ သိပါတယ်”

“ဘိုင်ယန်မြူးနစ်နဲ့ပွဲမှာ ကျနော်တို့ ပုံစံကောင်းပြခဲ့ပေမယ့် နှစ်ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ပါတယ်။ အဓိကကျတဲ့ အခိုက်အတန့်တွေမှာ ကျနော်တို့ အသုံးမချနိုင်ခဲ့ပါဘူး။ ခံစစ်က ပိုမိုကောင်းမွန်ဖို့ လိုအပ်ခဲ့ပြီး အခွင့်အရေးတွေကိုလည်း ပိုကောင်းအောင် အသုံးချဖို့ လိုအပ်ပါတယ်။ ဘာစီလိုနာနဲ့ပွဲမှာတော့ ကျနော်တို့ ပြိုင်ဘက်ကို ကောင်းကောင်း ထိန်းချုပ်နိုင်ရမှာဖြစ်ပြီး ချိန်သားကိုက် သူတို့ကို ဒုက္ခပေးသွားမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

လက်ရှိအုပ်စုကို ဘိုင်ယန်မြူးနစ်က အဆိုပါနှစ်သင်းလုံးကို အနိုင်ယူကာ ဦးဆောင်ထားပါတယ်။ ဒီနှစ်သင်းလုံးက ဗစ်တိုးရီးယားပါလ်ဇန်ကိုလည်း အနိုင်ရရှိထားတာကြောင့် အုပ်စုတက်ဖို့အတွက်ဆိုရင် နှစ်သင်းထိပ်တိုက်တွေ့တဲ့ ပွဲနှစ်ပွဲမှာ ရလဒ်ကောင်းတဲ့အသင်းက သေချာပေါက် ရှုံးထွက် (၁၆) သင်းအဆင့်ကို တက်ရောက်ဖို့ အခြေအနေကောင်းသွားမှာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က