မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တောင်ပံကစားသမား ဂါနာချိုဟာ ရီးရဲလ်မက်ဒရစ်က ဘာစီလိုနာကို ဂိုးပြတ်အနိုင်ယူခဲ့တဲ့ ပွဲအပြီး အင်စတာဂရမ်က ဗင်နီရှပ်ဂျူနီယာရဲ့ အကောင့်မှာ ဒါက ပုံမှန်ပါပဲဆိုပြီး မှတ်ချက်ရေးသွားခဲ့ပါတယ်။ ဘာနေဗျူးကွင်း ပထမအကျော့မှာတုန်းက ရီးရဲလ်တို့ ၁-၀ နဲ့ အရေးနိမ့်ခဲ့ပေမယ့် အဝေးကွင်းမှာ ၄-၀နဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့တာပါ။
ဒီနိုင်ပွဲမှာ ဗင်နီရှပ်က အသင်းအတွက် အရေးပါတဲ့ ဦးဆောင်ဂိုးကို ပထမပိုင်းနာကျင်အချိန်ပိုမှာ သွင်းယူပေးခဲ့ပါတယ်။ ဗင်နီရှပ်ဟာ တပွဲလုံးခြေစွမ်းပြနိုင်ခဲ့ပြီး ဘယ်တောင်ပံကနေ ဘာစီလိုနာခံစစ်ကို အခက်တွေ့အောင် ကစားပြခဲ့ကာ ပြိုင်ဘက်နောက်ခံလူ အာရူဂျိုတယောက် အလုပ်ရှုပ်ခဲ့ရတဲ့ ညတညဖြစ်ခဲ့ရပါတယ်။
အင်စတာဂရမ်မှာ ဗင်နီရှပ်က ဗိုလ်လုပွဲကို သူတို့အသင်းတက်ရောက်ပြီးနောက် အောင်ပွဲခံရေးသားဖောာ်ပြခဲ့ရာမှာ ဂါနာချိုက 'ပုံမှန်ပါပဲကွာ" လို့ ရေးသားပြီး ရယ်မောနေတဲ့ အီမိုဂျီလေးတွေလည်း ထည့်သွင်းခဲ့ပါတယ်။ ဒါဟာ မန်ချက်စတာယူနိုက်တက်နဲ့အတူ ယူရိုပါလိဂ်မှာ ဘာစီလိုနာကို အနိုင်ယူခဲ့တဲ့အပေါ် ဂါနာချိုက ရည်ရွယ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။
ပြီးခဲ့တဲ့ ယူရိုပါလိဂ် ပလေးအော့အဆင့်မှာ ယူနိုက်တက်ဟာ နူးကမ့်မှာ ၂-၂ သရေကျအောင် ကစားနိုင်ခဲ့ပြီး အိမ်ကွင်းမှာ ၂-၁ နဲ့ အနိုင်ယူကာ ဘာစီလိုနာကို ဖြုတ်ချခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ဘာစီလိုနာကို အနိုင်ရတာက ပုံမှန်ပါပဲ၊ ဘာမှမထူးခြားဘူးလို့ ဂါနာချိုက ဗင်နီရှပ်ကို ပြောဆိုခဲ့ပြီး စပိန်ထိပ်သီးကလပ်ကို လှောင်ပြောင်ခဲ့ဟန်လည်းရှိတယ်လို့ ယူဆရပါတယ်။