ရီးရဲလ်မက်ဒရစ်ဟာ မနေ့ညက ဆိုစီဒက်နဲ့ပွဲမှာ နှစ်ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့တာကြောင့် လာမယ့်အပတ်မှာ ဘာစီလိုနာသာ အနိုင်ရရှိခဲ့ရင် လာလီဂါအမှတ်ပေးချန်ပီယံဆုက စောစောစီးစီး အဖြေပေါ်သွားတော့မှာဖြစ်ပါတယ်။ မနေ့ညက ကစားခဲ့တဲ့ ပွဲတွေမှာ ဘာစီလိုနာကတော့ အိုဆာဆူနာကို အယ်လ်ဘာရဲ့ နောက်ကျဂိုးနဲ့ တစ်ဂိုးဂိုးမရှိ အနိုင်ရရှိခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်ကတော့ အဝေးကွင်းမှာ သူတို့ရဲ့ ကစားသမားဟောင်းလေး ကူဘိုရဲ့ သွင်းဂိုးတစ်ဂိုးအပါအဝင် နှစ်ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ပွဲကစားချိန် (၆၁) မိနစ်မှာလည်း နောက်ခံလူ ကာဗာဟယ်လ် တိုက်ရိုက်အနီကတ်နဲ့ အထုတ်ခံခဲ့ရပါသေးတယ်။
ဒီပွဲနှစ်ပွဲရဲ့ ရလဒ်ကြောင့် ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့အကြား လက်ကျန်ပွဲ (၅) ပွဲ ကျန်ရှိနေချိန်မှာ (၁၄) မှတ်အထိ ကွာဟသွားခဲ့ပြီဖြစ်ပါတယ်။ အဲ့ဒါကြောင့် လာမယ့်အပတ်မှာ ကစားမယ့် အက်စ်ပန်ညိုနဲ့ ဘာစီလိုနာတို့ပွဲမှာသာ ဘာစီလိုနာတို့ အနိုင်ရရှိခဲ့မယ်ဆိုရင် ဘာစီလိုနာတို့ လာလီဂါအမှတ်ပေးချန်ပီယံဆုကို ဆွတ်ခူးနိုင်တော့မှာပါ။
ဒီအမှတ်ပေးချန်ပီယံဆုက ဘာစီလိုနာနည်းပြ ဇာဗီအတွက် ဘာစီလိုနာနည်းပြဘဝ ပထမဆုံး အမှတ်ပေးချန်ပီယံဆုဖြစ်လာတော့မှာပါ။ ရီးရဲလ်မက်ဒရစ်ကတော့ ဒီရာသီမှာ လာလီဂါထက်စာရင် ချန်ပီယံလိဂ်ကိုသာ ပိုမိုအာရုံစိုက်ခဲ့ပုံရပါတယ်။
ဒါပေမယ့်လည်း သူတို့အနေနဲ့ လက်ရှိအချိန်မှာ အဆင့် (၃) နေရာက အက်သလက်တီကိုနဲ့ (၂) မှတ်သာ ကွာဟပါတော့တယ်။ အက်သလက်တီကိုက တစ်ပွဲလျော့နေတာကြောင့် ဒီအသင်းသာ လက်ကျန်တစ်ပွဲကို အနိုင်ရရှိခဲ့မယ်ဆိုရင် အဆင့် (၃) နေရာအထိ ဆင်းပေးရမှာဖြစ်ပါတယ်။