ဘာစီလိုနာရဲ့ လတ်တလောအခြေအနေနဲ့ပတ်သက်လို့ ရော်နယ်ကိုးမန်းက ဖွင့်ဟပြောကြားလာခဲ့တာပါ။

ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်းက သူ့အသင်းအနေနဲ့ လက်ရှိဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးဖို့မဖြစ်နိုင်တော့ဘူးလို့ ဝန်ခံပြောကြားလိုက်ပါတယ်။

ဘာစီလိုနာဟာ မနေ့ညက ချန်ပီယံလိဂ်အုပ်စုပွဲစဥ် (၂) အဖြစ် ဘင်ဖီကာကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ခဲ့ရာမှာ ၃-၀ ဂိုးဆိုတဲ့ ရလဒ်နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ရပါတယ်။ ဘာစီလိုနာဟာ အုပ်စုအဖွင့်ပွဲမှာလည်း အုပ်စုတွင်းအင်အားကြီးပြိုင်ဘက် ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်းမှာတင်ပဲ ၀-၃ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရသေးတာကြောင့် အုပ်စုအဆင့်က လွတ်မြောက်ဖို့တောင် ခက်ခက်ခဲခဲနဲ့ ရုန်းကန်ရဖွယ်ရှိပါတယ်။

လက်ရှိရလဒ်တွေအရ ဘာစီလိုနာဟာ သမိုင်းတစ်လျှောက် အဆိုးရွားဆုံးရာသီအဖွင့်နဲ့ ရင်ဆိုင်နေရပြီး ရော်နယ်ကိုးမန်းရဲ့အနာဂတ်ကလည်း မသေချာတော့ပါဘူး။ ချန်ပီယံလိဂ်မှာ ဘာစီလိုနာရဲ့ မျှော်လင့်ချက်နဲ့ပတ်သက်လို့လည်း ရော်နယ်ကိုးမန်းက “ဟုတ်တာပေါ့ဗျာ။ ကျွန်တော်တို့ အခုထက် ပိုကောင်းအောင် ကစားနိုင်ပါသေးတယ်”

“ဒါပေမယ့် ဒီနှစ်တော့ ကျွန်တော်တို့ ချန်ပီယံလိဂ်ဖလားရဖို့ မဖြစ်နိုင်တော့ပါဘူး” လို့ ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ စိတ်ပျက်လက်ပျက်နဲ့ ပြောကြားသွားခဲ့ပါတယ်။ ဘာစီလိုနာဟာ ပြိုင်ပွဲစုံနောက်ဆုံး (၅) ပွဲမှာ (၁) ပွဲသာ အနိုင်ရထားပြီး အခြေအနေဆိုးတွေကြားထဲ ရုန်းကန်နေရပါတယ်။

ဘာစီလိုနာတာဝန်ရှိသူတွေကလည်း ရော်နယ်ကိုးမန်းကို ထုတ်ပယ်ဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပြီး လာမယ့်စနေညမှာ ကစားမယ့် အက်သလက်တီကိုနဲ့ အဝေးကွင်းပွဲက ရော်နယ်ကိုးမန်းရဲ့အနာဂတ်ကို ဆုံးဖြတ်ပေးသွားနိုင်ပါတယ်။ ရော်နယ်ကိုးမန်းအနေနဲ့ ပွဲပယ်ပြစ်ဒဏ်ကျခံနေရတာကြောင့် အဲ့ဒီပွဲကိုတော့ ကွင်းအတွင်း ဝင်ရောက်ကြီးကြပ်နိုင်မှာမဟုတ်ပါဘူး။

ဘာစီလိုနာကစားသမားတွေဖြစ်တဲ့ ပီကေး၊ ဒီဂျောင်တို့ကတော့ ရော်နယ်ကိုးမန်းဘက်က မားမားမတ်မတ် ရပ်တည်ပေးနေကြပေမယ့် ကာယကံရှင်ကိုယ်တိုင်က သူ့ရဲ့အနာဂတ်အတွက် သူကိုယ်တိုင်တောင် အာမ,မခံနိုင်တော့ဘဲ အသင်းတာဝန်ရှိသူတွေ လက်ထဲမှာသာရှိတယ်လို့ ပြောကြားခဲ့ပြီးဖြစ်ပါတယ်။ 

Share

က္က