အသားကျအောင် တော်တော်ကြိုးစားနေရတယ်လို့ ဆိုပါတယ်။

ရော်နယ်ဒိုဟာ အယ်လ်နာဆာကို ပြောင်းရွှေ့ပြီးနောက် အထိုင်ကျဖို့အတွက် တော်တ​ော်လေး ခက်ခဲနေပြီး ရုန်းကန်နေရတယ်လို့ RMC Sports က ဖော်ပြခဲ့ပါတယ်။ ဒီလိုရုန်းကန်ရမှုအတွက် အဓိကအချက် ၂ ချက်ရှိပြီး ပြင်သစ်သတင်းဌာနကတော့ ရော်နယ်ဒိုဟာ ဘာသာစကားအခက်အခဲနဲ့ လူနေမှုပုံစံမတူညီတာကြောင့် မပျော်မရွှင်ဖြစ်နေတယ်လို့ ဆိုပါတယ်။ 

ရော်နယ်ဒိုဟာ အယ်လ်နာဆာကို ပြောင်းရွှေ့ပြီးနောက် လိဂ်ပွဲ ၁၃ ပွဲကစားခဲ့ရာမှာ ၁၂ ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။ သူ့ရဲ့ ပွဲအရေအတွက်နဲ့ သွင်းဂိုးကို အချိုးချမယ်ဆိုရင်တော့ မဆိုးရွားလှဘူးလို့ သတ်မှတ်ရမှာဖြစ်ပေမယ့်လည်း အရှေ့အလယ်ပိုင်းဒေသမှာ သူ့အတွက် ကြီးမားတဲ့ ပြောင်းလဲမှုတွေကို ရင်ဆိုင်ခဲ့ရပြီး ဥရောပနဲ့ မတူညီတဲ့ ဘာသာစကား၊ ယဉ်ကျေးမှု၊ လူနေမှုပုံစံတွေက အခက်အခဲအဖြစ်ရှိနေခဲ့ပါတယ်။ 

အာရေဗျဘာသာစကားကို ပြောဆိုတဲ့ ဆော်ဒီမှာ အင်္ဂလိပ်၊ စပိန်နဲ့ ပေါ်တူဂီဘာသာစကားတွေ ပြောတတ်တဲ့ ရော်နယ်ဒိုအတွက် အသားကျဖို့ခက်နေသလို သင်ယူဖို့လည်း မဖြစ်နိုင်ဘူးလို့ သိရပါတယ်။ RMS Sport က "ဘာသာစကား အခက်အခဲ၊ ဥရောပနဲ့ အရမ်းကွဲပြားခြားနားတဲ့ ယဉ်ကျေးမှုတွေကြောင့် ရော်နယ်ဒိုက နိုင်ငံသစ်တခုမှာ ရုန်းကန်နေရပါတယ်" လို့ ဖော်ပြခဲ့တာပါ။ 

ပြီးခဲ့တဲ့လအတွင်းကလည်း ရော်နယ်ဒိုက ကွင်းပြင်ကို ထွက်လာခဲ့ချိန်မှာ ပရိသတ်တွေက သူ့ကိုအော်ဟစ်လှောင်ပြောင်ခဲ့ကြပြီး ကစားသမားက သူ့ရဲ့ ငယ်ပါကို ကိုင်ပြခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပြီး ပြင်းပြင်းထန်ထန်ဝေဖန်ခံခဲ့ရပါသေးတယ်။ ဒါ့အပြင် လက်မထပ်ရသေးတဲ့ စုံတွဲတွေ အတူတူနေထိုင်တာကို ခွင့်မပြုထားတဲ့အတွက် ရော်နယ်ဒိုနဲ့ ဂျော်ဂျီနာတို့ အတူတူနေထိုင်နိုင်ဖို့ကို ဆော်ဒီက လျှော့ပေါ့ပေးရမှုလည်း ရှိနေခဲ့ပါတယ်။ 

ဒါကြောင့် ရော်နယ်ဒိုဟာ ဥရောပကို ပြန်လည်ပြောင်းရွှေ့ချင်နေပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး လက်ရှိမှာတော့ အဆိုပါသတင်းတွေက ပြန်လည်ငြိမ်သက်နေပါတယ်။ အယ်လ်နာဆာက ရော်နယ်ဒိုကို ၂နှစ်ခွဲစာချုပ် ချုပ်ဆိုထားတာဖြစ်ပြီး လာမယ့်တရာသီ ကစားပေးဖို့ ကျန်နေပါသေးတယ်။ 


Share

Loading Next Article...
က္က