အာဂျင်တီးနားအတွက် ပင်နယ်တီအဆုံးအဖြတ်မှာ လက်စွမ်းပြခဲ့တဲ့ ဂိုးသမားမာတီနက်ဇ်ကတော့ အဝတ်လဲခန်းထဲမှာ ဘတ်ပီကို လှောင်ပြောင်ကာ အောင်ပွဲခံသွားခဲ့ပါတယ်။ တဖက် ၃ ဂိုးစီနဲ့ သရေကျခဲ့တဲ့ပွဲမှာ ဘတ်ပီက ပြင်သစ်အတွက် ဟက်ထရစ်သွင်းပြီး အသင်းကို ပင်နယ်တီအဆုံးအဖြတ်ခံယူနိုင်အောင်အထိ စွမ်းဆောင်ပေးခဲ့ပေမယ့်လည်း အရေးနိမ့်သွားခဲ့တာပါ။
မာတီနက်ဇ်ကတော့ ပွဲချိန် ၁၂၀ အတွင်း ဘတ်ပီရဲ့ အကြိမ်ကြိမ်ဂိုးသွင်းမှုတွေကို မဟန့်တားနိုင်ခဲ့ပေမယ့် ပင်နယ်တီအဆုံးအဖြတ်မှာ ကိုးမန်းရဲ့ ကန်ချက်ကို ပုတ်ထုတ်သွားခဲ့ပါတယ်။ ဒီနောက် ချူဝါမန်နီက ထပ်မံလွဲချော်ခဲ့ပြီး အာဂျင်တီးနားက ပင်နယ်တီကို အကောင်းဆုံးအဆုံးသတ်ခဲ့ကာ ကမ္ဘာ့ဖလားချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့ပါတယ်။
ပွဲအပြီး အဝတ်လဲခန်းထဲမှာ အာဂျင်တီးနားတို့ အောင်ပွဲခံချိန် မာတီနက်ဇ်က "ဘတ်ပီအတွက် တမိနစ်လောက် ငြိမ်သက်ပေးရအောင်" လို့ ဟစ်ကြွေးခဲ့ပြီး တသင်းလုံးက ကခုန်အောင်ပွဲခံသွားခဲ့ပါတယ်။ မာတီနက်ဇ်ဟာ ဘတ်ပီကို ကွင်းအတွင်းမှာ နှစ်သိမ့်ပေးခဲ့ပေမယ့်လည်း အဝတ်လဲခန်းထဲမှာတော့ အာဂျင်တီးနားအောင်ပွဲအတွက် တော်တော်လေးပျော်ရွှင်နေခဲ့တာဖြစ်ပါတယ်။
မာတီနက်ဇ်ကတော့ အာဂျင်တီးနားလက်ရွေးစင်အဖြစ် ၂ နှစ်သာ ကစားထားရပေမယ့် ကိုပါအမေရိကနဲ့ ကမ္ဘာ့ဖလားတွေကို ရယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ အဆိုပါအောင်မြင်မှုတွေမှာ သူ့ရဲ့ လက်စွမ်းပြမှုတွေက အဓိကနေရာကနေ ပါဝင်ခဲ့ပြီး မက်ဆီအတွက် ပေးဆပ်ကစားမယ်လို့ သူ ပြောဆိုခဲ့တဲ့အတိုင်းပဲ အကောင်းဆုံးလက်စွမ်းတွေကို ပြသပြီး အသင်းအတွက် သူရဲကောင်းတဦးဖြစ်ခဲ့ပါတယ်။