ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်းမတိုးတော့ဘူးလို့ ပြောဆိုလိုက်တဲ့ ဘတ်ပီကို ချယ်လ်ဆီးကလည်း စိတ်ဝင်စားနေပြီဖြစ်ပါတယ်။ ပြင်သစ်တိုက်စစ်မှူးကို မန်ချက်စတာယူနိုက်တက်ကလည်း စိတ်ဝင်စားနေပြီး တကယ်လို့သာ ကာတာအုပ်စုက ယူနိုက်တက်ကို ဝယ်ယူနိုင်ခဲ့မယ်ဆိုရင် ခေါ်ယူနိုင်ဖို့အတွက် ကြိုးစားမယ်လို့ ဆိုပါတယ်။
ပီအက်စ်ဂျီကတော့ သူတို့ကစားသမားကို လက်လွှတ်မခံချင်ပေမယ့်လည်း ကစားသမားကိုယ်တိုင်က မနေချင်တာကြောင့် ထိန်းသိမ်းရခက်နေမှာပါ။ အသက် ၂၄ နှစ်အရွယ် ကစားသမားကို အခုချိန်မှာ မရောင်းချဘူးဆိုရင် လာမယ့်ရာသီကုန်ရင် အလွတ်ထွက်ခွင့််ပေးရမှာမို့ ပီအက်စ်ဂျီက ရောင်းချနိုင်ချေ ပိုများနေပါတယ်။
ဘတ်ပီက ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ချင်နေပြီး ဒီအိပ်မက်ကို သူကိုယ်တိုင်လည်း ဝန်ခံထားပြီးသာားပါ။ ၂၀၂၁ ကတည်းက ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပေမယ့်လည်း ပီအက်စ်ဂျီက မက်မောဖွယ်ရာခံစားခွင့်တွေပေးပြီး အသင်းမှာ ဆက်လက်ထိန်းသိမ်းထားခဲ့လို့သာ မရောက်ခဲ့တာဖြစ်ပြီး အခုတော့ ရီးရဲလ်က သိမ်းပိုက်နိုင်ဖို့ ရေပန်းစားဆုံးဖြစ်နေပါတယ်။
ဒါကြောင့်လည်း အင်္ဂလန်နှစ်သင်းအနေနဲ့ ငွေကြေးအားဖြင့် သုံးစွဲနိုင်စွမ်းရှိပေမယ့်လည်း ဆွဲဆောင်မှုအပိုင်းမှာတော့ ရီးရဲလ်ကို မယှဉ်ပြိုင်နိုင်တာတော့ သေချာပါတယ်။ ချယ်လ်ဆီးကလည်း ပြီးခဲ့တဲ့ရာသီက ပေါင်သန်း ၆၀၀ အထိ သုံးစွဲခဲ့ပြီးနောက် ဘာမှဖြစ်မလာခဲ့လို့ ကစားသမားအများအပြားကို ပြန်လည်ရောင်းချကာ ပိုချက်တီနိုအတွက် အလိုရှိတဲ့ ကစားသမာတွေ ခေါ်ယူပေးရမှာဖြစ်ပါတယ်။
ပြင်သစ်ကလပ်အနေနဲ့ ရီးရဲလ်မက်ဒရစ်ကို မရောင်းချဘဲ ငွေကြေးပိုမိုပေးမယ့် အသင်းကို ရောင်းချမယ်ဆိုရင်တော့ ဘတ်ပီရဲ့ အပြောင်းအရွှေ့က စိတ်ဝင်စားစရာတော့ဖြစ်လာမှာပါ။ ဒါပေမယ့် ရီးရဲလ်ကလည်း ဘတ်ပီကို ကာလရှည်စိတ်ဝင်စားနေခဲ့ပြီး မရရအောင် ခေါ်ယူနိုင်တဲ့ အရည်အသွေးရှိတာမို့ လက်ဦးမှုရယူနိုင်ဖို့ ပိုများနေပါတယ်။