ပီအက်စ်ဂျီနဲ့ စာချုပ်သစ်ချုပ်ဆိုခဲ့တဲ့ ကိုင်လီယန်ဘတ်ပီဟာ အချမ်းသာဆုံးဘောလုံးသမားတဦးဖြစ်လာပေမယ့် တချိန်တည်းမှာပဲ အားကစားမှာ အဆိုးရွားဆုံးကစားသမားဖြစ်သွားပြီလို့ ရီးရဲလ်ကွင်းလယ်လူမိုဒရစ်က ပြောဆိုလိုက်ပါတယ်။ ဘတ်ပီဟာ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပြီးမှ ပီအက်စ်ဂျီနဲ့ ၃ နှစ်စာချုပ်သစ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။
အဆိုပါစာချုပ်သစ်အရ သူဟာ တနှစ်လုပ်ခ ယူရိုသန်း ၁၀၀ အထိ ရရှိမှာဖြစ်ကာ လက်မှတ်ထိုးကြေးကလည်း ယူရိုသန်း ၃၀၀ အထိ ရရှိခဲ့တယ်လို့ ဆိုပါတယ်။ ဘတ်ပီဟာ သူ့ရဲ့ ငယ်ဘ၀အိပ်မက်ထက် ငွေကြေးကို ရွေးချယ်သွားခဲ့တယ်လို့ ဝေဖန်ခံနေရပြီး ကစားသမားကတော့ ငွေကြေးထက် အသင်းစီမံကိန်းတွေက သူ့ကိုဆွဲဆောင်နိုင်ခဲ့တာဖြစ်တယ်လို့ ပြန်လည်ဖြေရှင်းခဲ့ပါတယ်။
ဒါပေမယ့်လည်း မိုဒရစ်က "သူက ကမ္ဘပေါ်မှာ အချမ်းသာဆုံးကစားသမားပါ၊ ဒါပေမယ့် တချိန်တည်းမှာပဲ အားကစားမှာ အဆိုးရွားဆုံးသူဖြစ်သွားပါတယ်၊ ဘလွန်းဒီအောဆု ၃ ခုနဲ့ ချန်ပီယံလိဂ်ဖလား ၃ လုံးထက်စာရင် သူက ဂဏန်းသုံးလုံးလောက် ထပ်တိုးပေးခဲ့တာကို ရွေးချယ်ခဲ့တယ်၊ သူ့ရဲ့ ငယ်ဘ၀အိပ်မက်နဲ့ ပိုက်ဆံအိတ်ကပ်ကြားမှာ သူက ပိုက်ဆံအိတ်ကိုပဲ ရွေးချယ်သွားခဲ့တာပါ" လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
ရီးရဲလ်ကစားသမားတွေကိုယ်တိုင်လည်း ဘတ်ပီက သူတို့အသင်းကို ရောက်ရှိလာတော့မယ်လို့ ထင်မှတ်ခဲ့ကြပုံရပါတယ်။ ဘတ်ပီရဲ့ ပြင်သစ်အသင်းဖော် ဘန်ဇီမာကလည်း ဘတ်ပီအကြောင်းကိုဆိုရင် အသေးအဖွဲကိစ္စလို့ သတ်မှတ်ခဲ့ပြီး အရေးတယူလုပ်စကားမပြောဘူးလို့ ပြောဆိုခဲ့တဲ့အထိကို တုံ့ပြန်ထားခဲ့တာဖြစ်ပါတယ်။