အာဂျင်တီးနားဂိုးသမားမာတီနက်ဇ်ကတော့ ပြင်သစ်တိုက်စစ်မှူးဘတ်ပီကို အငြိုးကြီးကြီးနဲ့ လှောင်ပြောင်တိုက်ခိုက်နေပါတယ်။ ကမ္ဘာ့ဖလားဗိုလ်လုပွဲမတိုင်ခင်မှာ ဥရောပက တောင်အမေရိကထက် ပိုကောင်းတယ်လို့ ဘတ်ပီက ပြောဆိုခဲ့တဲ့အပေါ် မာတီနက်ဇ်က ချေပခဲ့သလို အာဂျင်တီးနားအနိုင်ရအပြီးမှာလည်း ဘတ်ပီကို ဆက်တိုက်လှောင်ပြောင်နေခဲ့တာပါ။
ဘတ်ပီကတော့ ဗိုလ်လုပွဲမှာ မာတီနက်ဇ်စောင့်ကြပ်နေတဲ့ ဂိုးပေါက်ထဲကို ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်မှာလည်း ဝင်အောင်ကန်သွင်းနိုင်ခဲ့လို့ စုစုပေါင်း ၄ ဂိုးအထိ သွင်းယူခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် ပြင်သစ်တို့ အရေးနိမ့်ခဲ့ပြီး အာဂျင်တီးနားက အဝတ်လဲခန်းထဲ အောင်ပွဲခံနေချိန်မှာ မာတီနက်ဇ်က ဘတ်ပီအတွက် တမိနစ်လောက်ငြိမ်သက်ပေးရအောင်ဟေ့လို့ အော်ဟစ်ပြောဆိုကာ အောင်ပွဲခံခဲ့ပါတယ်။
အခုအခါ အာဂျင်တီးနားကို ပြန်ရောက်ခဲ့ပြီး ဗြူနိုအေရိစ်မြို့မှာ အောင်ပွဲခံချိန် မာတီနက်ဇ်က ကလေးငယ်အရုပ်မှာ ဘတ်ပီခေါင်းကို တပ်ထားတဲ့ အရုပ်ကိုင်ဆောင်ပြီး ဘတ်ပီကိုမငိုနဲ့လို့ ပြောနေဟန်မျိုးနဲ့ ထပ်အောင်ပွဲခံခဲ့ပါတယ်။ သူ့ရဲ့ အပြုအမူကတော့ အာဂျင်တီးနားပရိသတ်တွေအတွက် ရယ်စရာကောင်းနေခဲ့ပေမယ့် အခြားသောပရိသတ်တွေကတော့ လေးစားမှုကင်းမဲ့တဲ့လုပ်ရပ်လို့ ဝေဖန်နေကြပါတယ်။
ဘတ်ပီက မင်းကို ၄ ဂိုးတောင် သွင်းခဲ့တာကို မကျေနပ်သေးတာလားလို့ ပရိသတ်တချို့က မေးခွန်းထုတ်ခဲ့ကြပြီး ပြိုင်ဘက်ကစားသမားအပေါ် လေးစားမှုထားသင့်တယ်လို့လည်း ပြောဆိုခဲ့ကြပါတယ်။ မာတီနက်ဇ်ဟာ ပြိုင်ပွဲရဲ့ အကောင်းဆုံးဂိုးသမားဆုကို ရရှိအပြီးမှာ ရွှေလက်အိတ်ကြီးကို သူ့ဖွားဖက်တော်ရှေ့မှာထားပြီး ခါးကော့အောင်ပွဲခံတာကိုလည်း လုပ်ပြခဲ့ပါသေးတယ်။