ပြင်သစ်အသင်းခေါင်းဆောင်သစ်အဖြစ် ကိုင်လီယန်ဘတ်ပီကို နည်းပြဒီဒီယာဒက်ချမ့်က ရွေးချယ်ခဲ့တဲ့နောက်မှာ ဂရစ်မန်းက လက်ရွေးစင်ကစားသမားဘ၀ကနေ အနားယူနိုင်တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ အသက် ၃၂ နှစ် ပြည့်ခဲ့ပြီဖြစ်တဲ့ ဂရစ်မန်းက လက်ရွေးစင်အသင်းခေါင်းဆောင်ရာထူးကို မျှော်လင့်ထားချိန်မှာ ဒက်ချမ့်က ဘတ်ပီကို ဦးစားပေးခဲ့တယ်လို့ ESPN က ဖော်ပြခဲ့ပါတယ်။
ပြင်သစ်မှာ အသင်းခေါင်းဆောင်တွေအဖြစ် တာဝန်ယူခဲ့တဲ့ ဂိုးသမားလိုရစ်နဲ့ နောက်ခံလူဗာရန်းတို့က လက်ရွေးစင်အသင်းကနေ အနားယူခဲ့ကြတဲ့နောက် အသင်းခေါင်းဆောင်သစ်တဦးကို ရွေးချယ်ရဖို့ ဖြစ်လာခဲ့တာပါ။ ပုံမှန်အတိုင်းဆိုရင်တော့ အတွေ့အကြုံရင့်ကျက်ပြီး စီနီယာလည်း ကျတဲ့ ဂရစ်မန်းကို ရွေးချယ်သင့်ပေမယ့် ဒီတာဝန်ကို ဘတ်ပီရဲ့ ပခုံးပေါ်သာ ဒက်ချမ့်က လွှဲပြောင်းပေးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
ဒိဆုံးဖြတ်ချက်အပေါ် ဂရစ်မန်းက အံ့အားသင့်နေခဲ့တယ်လို့ ပြင်သစ်သတင်းဌာနတွေကလည်း ဖော်ပြခဲ့ပါတယ်။ ဂရစ်မန်းဟာ ပြင်သစ်အတွက် ၁၁၇ ပွဲကစားပေးထားပီး ၄၂ ဂိုးအထိ သွင်းယူပေးထားခဲ့ကာ ဒက်ချမ့်ရဲ့ အမာခံကစားသမား၊ ယုံကြည်စိတ်ချရသူတဦးအဖြစ် နှစ်ပေါင်းများစွာရှိနေခဲ့တာလည်းဖြစ်ပါတယ်။
ကမ္ဘာ့ဖလားကာလတုန်းကလည်း ဂရစ်မန်းက "ပြင်သစ်နဲ့ ဒက်ချမ့်အတွက် ကျနော် ဘာမဆိုပေးဆပ်သွားမှာပါ" လို့ ပြောဆိုခဲ့ဖူးပါသေးတယ်။ ဘတ်ပီကလည်း ပြင်သစ်ရဲ့ အဓိကတိုက်စစ်မှူးဖြစ်ပြီး အရေးပါတဲ့ သွင်းဂိုးအများအပြားကို သွင်းယူပေးနေသူဖြစ်ပါတယ်။ ဒါပေမယ့် ဂရစ်မန်းကတော့ သူ့ရဲ့ စိတ်ပျက်လက်ဖြစ်နေမှုကို ဖုံးဖိမထားနိုင်အောင်ဖြစ်နေပြီး လက်ရွေးစင်ကစားသမားဘ၀ကိုပါ စွန့်လွှတ်သွားဖွယ် ရှိနေခဲ့ပါပြီ။