ဒဏ်ရာကိုခွဲစိတ်ကုသဖို့ဆုံးဖြတ်လိုက်ပြီဖြစ်ကာ ဇန်နဝါရီအထိ အနားယူရနိုင်ပါတယ်။

ဂျူဗင်တပ်စ်ကွင်းလယ်လူပေါ့ဂ်ဘာဟာ သူ့ရဲ့ဒဏ်ရာကို ခွဲစိတ်ကုသမှုတွေပြုလုပ်ရဖို့ရှိနေပြီး ကာလရှည်အနားယူရမယ့်အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ ဂျူဗီနည်းပြအယ်လီဂရီကတော့ သူ့ကွင်းလယ်လူဟာ ဇန်နဝါရီလအထိ အနားယူရနိုင်တယ်လို့ ခန့်မှန်းခဲ့ပြီး အဲဒီအတိုင်းသာဖြစ်ခဲ့မယ်ဆိုရင် ပေါ့ဂ်ဘာဟာ ကမ္ဘာ့ဖလားကို လွဲချော်ရတော့မှာလည်းဖြစ်ပါတယ်။ 

ဒီရာသီမှာ ယူနိုက်တက်ကနေ ဂျူဗီကို အလွတ်ပြန်ပြောင်းရွှေ့သွားခဲ့တဲ့ ပြင်သစ်ကွင်းလယ်လူဟာ တနင်္လာနေ့က အသင်းလေ့ကျင့်ရေးကွင်းကို ရောက်ရှိခဲ့ပေမယ့် လေ့ကျင့်ခန်းအစီအစဉ်တွေမှာ မပါဝင်နိုင်ခဲ့ဘူးလို့ဆိုပါတယ်။ "ဒီနေ့မနက်မှာ သူ လေ့ကျင့်ကွင်းကို ဒုတိယအကြိမ်မြောက်ရောက်လာပါတယ်၊ ဒါပေမယ့် သူ ရပ်တန့်လိုက်ရတယ်၊ သူ ခွဲစိတ်ကုသဖို့အတွက် ဆုံးဖြတ်လိုက်ရပါပြီ၊ လက်တွေ့ကျကျဆို ဇန်နဝါရီမှ သူ့ကိုပြန်မြင်ရတော့မယ်ထင်ပါတယ်" လို့ အယ်လီဂရီက ပြောခဲ့ပါတယ်။ 

ဒါဟာ ပေါ့ဂ်ဘာအတွက်တော့ စိတ်ပျက်စရာကောင်းမှုတခုလည်းဖြစ်လာခဲ့တာပါ။ ကာတာကမ္ဘာ့ဖလားကျင်းပဖို့အတွက် ရက်ပေါင်း ၇၀ ကျော်သာလိုတော့တဲ့အချိန်မှ သူ့ရဲ့အခြေအနေက လွဲချော်ဖို့အတွက် ရာခိုင်နှုန်းတော်တော်များနေပြီဖြစ်ပါတယ်။ အစောပိုင်းသတင်းတွေမှာတော့ ပေါ့ဂ်ဘာက ဒဏ်ရာတခုလုံးကို မခွဲစိတ်ဘဲ အပြင်ပိုင်းအနေအထားကိုသာ ကုသပြီး ကစားနိုင်ဖို့မျှော်လင့်ခဲ့ပေမယ့် ထင်သလိုဖြစ်မလာခဲ့တာပါ။ 

အသက် ၂၉ နှစ်အရွယ် ကွင်းလယ်လူဟာ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော်ခဲ့မယ်ဆိုရင် ပြင်သစ်နဲ့အတူ ချန်ပီယံဆုကို ကာကွယ်ခွင့်ပါ ဆုံးရှုံးရမှာဖြစ်ပါတယ်။ လက်တလောမှာလည်း ညီအကိုအရင်းဖြစ်သူပါဝင်နေတဲ့ ခြိမ်းခြာက်ငွေညှစ်မှုအရှုပ်တော်ပုံနဲ့ ပေါ့ဂ်ဘာက ရင်ဆိုင်နေရပြီး ဒဏ်ရာပြသနာကပါ သူ့ကို ထိုးနှက်နေကာ စိတ်ပျက်စရာအကောင်းဆုံးကာလတွေကို ရင်ဆိုင်နေရပါတယ်။ 

Share

Loading Next Article...
က္က