ယူနိုက်တက်ရဲ့ ဂန္တဝင်ကစားသမားဟောင်းကြီး ဒေးဗစ်ဘက်ခမ်းဟာ ကွယ်လွန်သွားပြီဖြစ်တဲ့ ယူနိုက်တက်ဂန္တဝင်ကြီးတစ်ဦးပဲဖြစ်တဲ့ ဆာဘော်ဘီချာလ်တန်ကို နှုတ်ဆက်ဂုဏ်ပြု စကားပြောကြားခဲ့ပါတယ်။ ဘော်ဘီချာလ်တန်ဟာ စနေနေ့က ကွယ်လွန်ခဲ့ပြီဖြစ်ပါတယ်။
ကွယ်လွန်ချိန်မှာ အဆိုပါပုဂ္ဂိုလ်ကြီးက အသက် (၈၆) နှစ်အထိ ရှိနေပါပြီ။ အင်္ဂလန်ဘောလုံးလောကအတွက်လည်း ဂန္တဝင်ကြီးတစ်ယောက်ဖြစ်ခဲ့တဲ့ ဘော်ဘီချာလ်တန်ဟာ ယူနိုက်တက်ရဲ့ ဂုဏ်ယူစရာ သမိုင်းကြောင်းတွေထဲမှာ ကိုယ်တိုင်ပါဝင်ခွင့်ရခဲ့သူလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ယူနိုက်တက်ရဲ့ ပွဲစဉ်တွေကို ဇနီးဖြစ်သူနဲ့အတူ အိုးထရက်ဖို့ဒ်ကွင်းအတွင်းက ပွဲကြည့်စင်မှာ လာရောက်ကြည့်ရှုလေ့ရှိခဲ့သူပါ။ ဘော်ဘီချာလ်တန် ကွယ်လွန်သွားတဲ့အပေါ် ယူနိုက်တက်ကစားသမားတွေ၊ ကစားသမားဟောင်းတွေက အသီးသီး နှုတ်ဆက်ဂုဏ်ပြုစကားတွေ ပြောကြားခဲ့ပါတယ်။
ဘက်ခမ်းကလည်း “ဆာဘော်ဘီက သူ့ရဲ့ ကစားသမားဘဝတစ်လျှောက်လုံးမှာ အောင်မြင်ခဲ့သလို အခြားသူတွေကိုလည်း ကူညီခဲ့သူပါ။ ထူးခြားကောင်းမွန်တဲ့ လူသားဖြစ်ခဲ့ပြီး ကွင်းတွင်းမှာ လေးစားခံရသလို ကွင်းပြင်မှာဆိုရင် ပိုလို့တောင် လူချစ်လူခင်ပေါပါတယ်။ နောက်ကြောင်းပြန်ကြည့်ရင် သူက ကျွန်တော် ယူနိုက်တက်ကို ရောက်လာခဲ့တဲ့ အကြောင်းပြချက်တွေထဲက တစ်ခုလည်း ဖြစ်ပါတယ်”
“သူ့အပေါ်မှာ ကျွန်တော် ကျေးဇူးကြွေးတွေတင်ခဲ့ပါတယ်။ တကယ်လို့ သူသာ မရှိခဲ့ရင် ကျွန်တော်နဲ့ အဖေနဲ့အတူတူ နှစ်ရှည်လများ အားပေးခဲ့တဲ့ အသင်းတစ်သင်းအတွက် ကစားပေးရမယ့် အိပ်မက်က ပြည့်ဝနိုင်မှာ မဟုတ်ပါဘူး။ ဒီတော့ ကျွန်တော်တို့ သားအဖမှာ ဘော်ဘီချာလ်တန်ကို ကျေးဇူးတင်စရာ အများကြီးရှိပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။