ရိုးမားနည်းပြ မော်ရင်ဟိုဟာ ဖီအိုရင်တီးနားနဲ့ တစ်ဂိုးစီသရေကျခဲ့တဲ့ပွဲမှာ ကွင်းဘေးက ဘောကောက် ကောင်လေးကတစ်ဆင့် သူ့ရဲ့ ဂိုးသမားထံ နည်းစနစ်ပိုင်းဆိုင်ရာ ညွှန်ကြားခဲ့ပါတယ်။ ဒီမြင်ကွင်းကိုတော့ ရုပ်သံမှတ်တမ်းတွေက အမိအရဖော်ပြခဲ့တာဖြစ်ပါတယ်။
မော်ရင်ဟိုဟာ နည်းစနစ်ပိုင်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ရေးသားတဲ့ စာရွက်တစ်ရွက်ကို ဘောကောက်ကောင်လေးကတစ်ဆင့် အသင်းရဲ့ ဂိုးသမား ရူအီပက်ထရီစီယိုထံ ပေးခဲ့တာပါ။ အဆိုပါ အချိန်မှာ ရိုးမားတို့ ပြိုင်ဘက်ထက် (၂) ယောက်လျော့နဲ့ ရင်ဆိုင်ကစားခဲ့ရတာဖြစ်ပြီး ခက်ခဲတဲ့ အချိန်ကို ရောက်ရှိနေတာပါ။
အဆိုပါ ပေါ်တူဂီလက်ရွေးစင်နည်းပြကြီးဟာ ပက်ထရီစီယိုအတွက် သီးသန့် ရေးသားထားတဲ့ စာရွက် အပိုင်းအစတစ်ခုကို သူ့အနီးအနားက ဘောကောင်ကောင်လေးထံ ပေးခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ဒီကောင်လေးက ပက်ထရီစီယိုရှိနေတဲ့ ဂိုးပေါက်နားအထိ ကွင်းပြင်ကနေ ပတ်သွားပြီး ပေးခဲ့တာပါ။
အဲ့ဒီနောက်မှာတော့ ဘောကောင် ကလေးငယ်က အဆိုပါ စာရွက်အပိုင်းအစကို ပြန်လည်ရရှိခဲ့ဟန်တူပြီး ဒီစာရွက်ကို သူ့ဘဝရဲ့ အမှတ်တရအဖြစ် သိမ်းဆည်းသွားမယ်လို့ ပြောကြားခဲ့ကြောင်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။ မော်ရင်ဟိုနဲ့ ဘောကောက်ကလေးငယ်တွေအကြား ဇာတ်လမ်းက အခုမှ မဟုတ်ပါဘူး။
မော်ရင်ဟိုဟာ စပါးကို ကိုင်တွယ်ချိန်တုန်းကလည်း အသင်း ဂိုးရရှိဖို့ လျင်လျင်မြန်မြန်နဲ့ ပွဲကို ပြန်လည်စတင်အောင် ကူညီပေးခဲ့တဲ့ ဘောကောက်ကောင်လေးကို ကျေးဇူးဆပ်ခဲ့ဖူးပါတယ်။ အဆိုပါ ကလေးငယ်ဟာ မော်ရင်ဟိုရဲ့ ဖိတ်ကြားချက်နဲ့အတူ စပါးရဲ့ ထမင်းစားခန်းမှာ စီနီယာ ကစားသမားကြီးတွေနဲ့အတူ ထမင်းအတူ စားခွင့်ရရှိခဲ့ပါတယ်။