ဟာလန်းတယောက် ကမ်းခြေမှာ ဘောလုံးကစားနေတဲ့ ဗီဒီယိုက ရေပန်းစားနေတာပါ။

မန်စီးတီးတိုက်စစ်မှူး ဟာလန်းတယောက် အပန်းဖြေအနားယူရင်း ကမ်းခြေမှာ ဘောလုံးကစားနေတဲ့ ဗီဒီယိုက လူမှုကွန်ရက်အသုံးပြုသူတွေကြား ရေပန်းစားပျံ့နှံ့နေပါတယ်။ ဒီကစားသမားဟာ ဒီလအစောပိုင်းမှာ မန်စီးတီးနဲ့ ဆေးစစ်မှုခံယူပြီး တရားဝင်စာချုပ်ချုပ်ဆိုခဲ့ပြီးလည်းဖြစ်ပါတယ်။



ဟာလန်းဟာ ဒေါ့မွန်ကထွက်ခွာလာပြီးနောက်ပိုင်း နော်ဝေနဲ့အတူ ယူရိုနေးရှင်းလိဂ်အုပ်စုပွဲစဥ်တွေကို ဆင်နွှဲခဲ့ရပါသေးတယ်။ အဲ့ဒီပွဲတွေမှာလည်း ဟာလန်းတယောက် ဂိုးသွင်းခြေစွမ်းပြခဲ့ပြီး မန်စီးတီးအတွက် ကျေနပ်စရာခေါ်ယူမှုအဖြစ် မျှော်လင့်ခံထားရပါတယ်။ မန်စီးတီးနဲ့ စာချုပ်ချုပ်ဆိုပြီးနောက် ဟာလန်းတယောက် နွေရာသီအားလပ်ရက်အဖြစ် အနားယူနေပါတယ်။

ဟာလန်းဟာ မာဘယ်လာကမ်းခြေမှာ အနားယူနေတာဖြစ်ပြီး ဒီလိုမျိုး အနားယူရင်းနဲ့ ပင်လယ်ကမ်းစပ်မှာ အခြားသောလူငယ်၊ ကလေးငယ်တွေနဲ့ ဘောလုံးကို တော့ ကစားနေတဲ့ ဟာလန်းကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ ဟာလန်းရဲ့ ဒီဗီဒီယိုကို တွစ်တာအသုံးပြုသူတယောက်ဖြစ်တဲ့ ဆိုင်မွန်က ပြီးခဲ့တဲ့တနင်္ဂနွေမှာ စတင်မျှဝေခဲ့ပါတယ်။ ဒီမတိုင်ခင်ကလည်း ဟာလန်းဟာ ကမ်းခြေက စားသောက်ဆိုင်တဆိုင်မှာ ဘက်တစ်ကစားသမား ဂျိုအာကွင်းဆန်းချက်ဇ်နဲ့ အတူတူ အချိန်ကုန်ဆုံးခဲ့ပါသေးတယ်။



စပိန်ဟာ နာမည်ကျော်ကစားသမားတွေအတွက် နွေရာသီအားလပ်ရက်အတွက် အကောင်းဆုံး အပန်းဖြေစရာနေရာတခုအဖြစ် သတ်မှတ်ခံထားရပါတယ်။ လက်ရှိနွေမှာလည်း အခု ဟာလန်းအပါအဝင် ရော်နယ်ဒိုနဲ့ ကမ္ဘာကျော်ကစားသမား အများအပြားကလည်း စပိန်နိုင်ငံက ကမ်းခြေတွေမှာ နွေရာသီအားလပ်ရက်အဖြစ် မိသားစုနဲ့အတူတူ အသီးသီး အပန်းဖြေ အနားယူနေကြတာပါ။

အခု ဟာလန်း ဘောလုံးကစားနေတဲ့ ဗီဒီယိုကတော့ နောက်ဆုံးရေပန်းစားနေတဲ့ ဗီဒီယိုဖြစ်ပြီး ပရိသတ်တွေကလည်း ဟာလန်းတယောက် ဘောလုံးနဲ့ပတ်သက်လာရင် ကွင်းထဲမှာတင်မဟုတ်ဘူး၊ ကမ်းခြေနဲ့ ဘယ်နေရာမှာပဲဖြစ်ဖြစ် နေရာမရွေးဘူးလို့ မှတ်ချက်ပြုသုံးသပ်နေကြပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က